မောခီးစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းမှူးနဲ့ တပ်ကြပ်တယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ဗဟိုက ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ မောခီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၂၀၁ နဲ့ DKBA၊ KNDO တပ်တွေပူးပေါင်းပြီး မတ် ၂၁ ရက်က တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။
မောခီးစခန်းကို တိုက်ခိုက်သိမ်းယူချိန်မှာအာဏာသိမ်းစစ်ကောင်စီတပ်ဘက်က တယောက် သေဆုံး၊ တယောက်ကို ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများစုကထွက်ပြေးသွားတဲ့အတွက် စခန်းမှာ ကျန်ရစ်ခဲ့တဲ့ လက်နက်အများအပြားကို ကေအန်ယူက သိမ်းဆည်းရမိခဲ့ပါတယ်။
ထွက်ပြေးသွားတဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေကို ဒုဗိုလ်မှူးကြီး စောဘူးဖေါရဲ့အစီအစဉ်နဲ့ လိုက်လံဖမ်းဆီးခဲ့ရာမှာ မတ် ၂၂ ရက်မှာ ခမရ ၅၅၅ ရဲ့ စစ်ကြောင်းမှူး စန်းယုနဲ့ တပ်ကြပ် တယောက်ကို ထပ်မံဖမ်းမိခဲ့ပါတယ်။
မောခီးတပ်စခန်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ ၃၂၊ စကခ ၁၃ ရဲ့ လက်အောက်ခံ ခမရ ၅၅၅ တပ်ဖွဲ့တို့ တပ်စွဲနေတာဖြစ်ပြီး KNLA တပ်ရင်း ၂၀၁ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူးဖေါက သိမ်းပိုက်ဖို့ စီစဥ်ဆောင်ရွက်ခဲ့တာလို့ ကေအန်ယူက ပြောပါတယ်။
DKBA တပ်ရင်းမှူး တယောက်နဲ့ လက်တွဲတိုင်ပင်ပြီး ရက်အနည်းအငယ်အတွင်း တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မတ် ၂၁ ရက် တရက်တည်းမှာပဲ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ထဲမှာ တိုက်ပွဲ ၄ နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့တပ်တွေဟာ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေပါတယ်။
မတ် ၂၄ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီတပ်တွေက ကော့ကရိတ်မြို့နယ် နိုဖိုး ထီးမူးထာ ကျေးရွာတို့ကို လက်နက်ကြီးတွေနဲ့ပစ်လို့ အမျိုးသမီးငယ်တယောက် ထိမှန်သေဆုံးပြီး နောက်ထပ် ပြည်သူ ၃ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့လည်း ကေအန်ယူကနေ သိရပါတယ်။
ရှမ်းပြည်နယ်၊ နမ့်စမ်လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တဦး ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။
တပ်ကြပ်ဝေလဟာ နမ့်စမ်လေတပ်စခန်းဌာနချုပ်၊ အမှတ်-၃၅ ကင်းထောက်လေယာဉ် အုပ် ဖစ်တာလေယာဉ် (ကိုယ်ထည်) လုပ်ငန်းမှဖြစ်ကာ အခုလ ပထမပတ်အတွင်းက ပြည် သူ့ရင်ခွင်ခိုလှုံလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတနေရာကို ရောက် ရှိနေပြီလို့ ဆိုပါတယ်။
“ရိုးသားချင်ယောင်ဆောင်ပြီး မရိုးသားမှုတွေကြားထဲမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို ပုဒ်မပေါင်းများစွာတတ်ပြီး အတင်းအဓမ္မယူ၊ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ပြီး သေလောက်တဲ့ထိ အပြစ်ပေးတဲ့ တပ်မတော်မှာမနေချင်လို့ ခုလို CDM ဝင်ရောက်ရခြင်း ဖြစ်ပါတယ်။ စစ်ဆေးရင်း သေသွားရင်တောင် ဗျူဟာမှူး အိပ်ရေးပျက်မှာစိုးလို့ မနက်မှ သတင်းပို့ပါဆိုတာ ကြုံခဲ့ရသေးတယ်ဗျ” လို့ တပ်ကြပ်ဝေလက ပြောပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့ကိုတော့ အရင်ကပြည်သူ့စစ်သား - People’s Soldiers အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့အခြေပြုအဖွဲ့အစည်းအနေနဲ့ ပြောင်းလဲဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထား ပါတယ်။
စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်လာသူတွေနဲ့ ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေတာကို တွေ့ရပါတယ်။