close

စစ်ကောင်စီ နမ့်စမ်လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ရှမ်းပြည်နယ်၊ နမ့်စမ်လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တဦး ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

တပ်ကြပ်ဝေလဟာ နမ့်စမ်လေတပ်စခန်းဌာနချုပ်၊ အမှတ်-၃၅ ကင်းထောက်လေယာဉ် အုပ် ဖစ်တာလေယာဉ် (ကိုယ်ထည်) လုပ်ငန်းမှဖြစ်ကာ အခုလ ပထမပတ်အတွင်းက ပြည် သူ့ရင်ခွင်ခိုလှုံလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတနေရာကို ရောက် ရှိနေပြီလို့ ဆိုပါတယ်။

“ရိုးသားချင်ယောင်ဆောင်ပြီး မရိုးသားမှုတွေကြားထဲမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို ပုဒ်မပေါင်းများစွာတတ်ပြီး အတင်းအဓမ္မယူ၊ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ပြီး သေလောက်တဲ့ထိ အပြစ်ပေးတဲ့ တပ်မတော်မှာမနေချင်လို့ ခုလို CDM ဝင်ရောက်ရခြင်း ဖြစ်ပါတယ်။ စစ်ဆေးရင်း သေသွားရင်တောင် ဗျူဟာမှူး အိပ်ရေးပျက်မှာစိုးလို့ မနက်မှ သတင်းပို့ပါဆိုတာ ကြုံခဲ့ရသေးတယ်ဗျ” လို့ တပ်ကြပ်ဝေလက ပြောပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ကိုတော့ အရင်ကပြည်သူ့စစ်သား - People’s Soldiers အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့အခြေပြုအဖွဲ့အစည်းအနေနဲ့ ပြောင်းလဲဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထား ပါတယ်။

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up