စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စက်တင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က မုံရွာမြို့ကနေ စစ်ကိုင်းမြို့ဘက်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ ၂ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကား ၁၃ စီးပါး စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းဟာ ဘိုးမင်းကြီးကင်းနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ပဒေသာမိုင်း ၄ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နောက်ထပ်တဖန် အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ပဒေသာမိုင်း ၃ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force-MMU က ထုတ်ပြန်ထားပါတယ်။
Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက "ကား ၂ စင်းထိသွားတာ မှန်ပါတယ်ဗျ။ မြင်းမူအဝင်မှာ ကြိုဆိုခဲ့တာ။ ကားပေါ်ပါလာတဲ့ ကောင်တွေ အထိခိုက်အသေပျောက်ရှိနိုင်ပေမဲ့ အတိကျစုံစမ်းနေဆဲပဲ။ သူတို့ဘက်ကလည်း ရမ်းပြီး ပစ်ခတ်မှုတချို့တော့ရှိတယ်။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေ အထိခိုက်မရှိပဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။" လို့ ပြောပါတယ်။
အဲ့ဒီ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ယာဉ်တန်းရှိ စစ်ကား ၁၃ စီးအနက် ၃ စီးမြောက်နဲ့ ၉ စီးမြောက်ကားက ထိမှန်ပျက်စီးသွားပြီး တစီးက တာယာပွင့်ထွက်ကာ ထိုးရပ်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ဆင်ရေးမှာ Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)က ဦးဆောင်ပြီး စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၂) ၊ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM နဲ့ မိုင်းညီနောင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတယ်။
လက်ရှိမှာ မန္တလေး - မုံရွာ လမ်းတလျှောက် စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ကင်းပုန်းချထားပါတယ်။
မန္တလေး - မုံရွာလမ်း ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏတိုက်ခိုက်ခံရပြီး အခုအပတ် စက်တင်ဘာ ၈ ရက်ကလည်း မြင်းမူမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တွေမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဖွဲ့ဝင် ၂၃ ဦး ထက်မနည်းသေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရှိ မအီ-အမ်းကားလမ်းတလျှောက် ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေကို အမ်းမြို့နယ်မြေနီရွာနဲ့ တလိုင်းတောင်ရွာကြားမှာ ရက္ခိုင့်တပ်တော် (အေအေ)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကားနှစ်စီး ပျက်စီးသွားပြီး ကားနဲ့လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၁ ရက် ညနေ ၃ နာရီ ကျော်မှာ မအီဘက်ကနေ အမ်းဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တလိုင်းတောင်ကျေးရွာအကျော် မြေနီးကျေးရွာသို့ မရောက်ခင် အမ်းကားလမ်းမှာ အေအေက မိုင်းဆွဲခဲ့တာလို့ ကားသမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အမ်းဒေသခံတစ်ဦးက "အမ်းလမ်းက မအီမြို့ကနေ အမ်းဘက်ကိုဆင်းလာတဲ့ စစ်ကောင်စီယာဉ်တစီးကို။ အေအေဘက်က မိုင်းဆွဲတိုက်ခိုက်လို့ ကားတစီးလုံး လုံးဝကို ပျက်စီးသွားတယ်။ ကျနော်တို့ လာတဲ့အချိန်က ကားက မီးလောင်နေတုန်းပါပဲ။ အသေအပျောက်ကတော့ မသိဘူးနိုင်သေးဘူး"လို့ ပြောပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ အေအေတပ်တွေ မြို့နယ်အနှံ့တိုက်ပွဲတွေဖြစ်နေပြီး သြဂုတ် ၂၇ ရက်ညပိုင်းမှာ မောင်တော ခမောင်းဆိပ်ဘက်မှာ တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီကလည်း တိုက်ခိုက်ရေးရယာဥ်တွေသုံးပြီး တိုက်ခိုက်ခဲ့သည်။
သြဂုတ် ၃၀ ရက်မှာလည်း ရသေ့တောင်၊ ပြိန်းတောင်၊ မညှင်းတောင်ဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရသေ့တောင်မြို့နယ်မှ ဒေသခံထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ပါတယ်။
သြဂုတ် ၁၃ ရက်က ရခိုင်ဒေသသရှိ နေရာ ၃ နေရာနဲ့ ချင်းပြည်နယ် ပလက်ဝဒေသအတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံးခဲ့သလို အေအေဘက်ကလည်း ကျဆုံးသူရှိတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာနဲ့ အောက်သားကန်ရွာကြား ကားလမ်းနံဘေးမှာ သြဂုတ် ၂၈ ရက်ညနေပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် နာရီပိုင်းအကြာမှာ တိုက်ပွဲဖြစ်ရာနေရာနဲ့ အလွန်ကွာဝေးတဲ့ မြောက်ဦးကင်းဆိပ်ကျေးရွာကို မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၃၇၇ ဘက်ကနေ လက်နက်ကြီးမတွေနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ၄ နှစ်အရွယ်ကလေးငယ်တယောက်နဲ့ ကျေးရွာသား ၂ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထက်မနည်းပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်။
သြဂုတ်လ ၂၇ ရက်ကလည်း မောင်တောမြောက်ပိုင်းရှိ မင်းကြီးရွာမှာ အမျိုးသမီးတယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့သလို မင်းခမောင်းကျေးရွာက ကျေးရွာသား တွေ လက်နက်ရိက္ခာပြတ်လပ်လို့ နေရပ်စွန့်ခွာသွားသူတွေလည်း ရှိနေပါတယ်