close

မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စက်တင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က မုံရွာမြို့ကနေ စစ်ကိုင်းမြို့ဘက်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ ၂ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကား ၁၃ စီးပါး စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းဟာ ဘိုးမင်းကြီးကင်းနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ပဒေသာမိုင်း ၄ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နောက်ထပ်တဖန် အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ပဒေသာမိုင်း ၃ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force-MMU က ထုတ်ပြန်ထားပါတယ်။

Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက "ကား ၂ စင်းထိသွားတာ မှန်ပါတယ်ဗျ။ မြင်းမူအဝင်မှာ ကြိုဆိုခဲ့တာ။ ကား‌ပေါ်ပါလာတဲ့ ကောင်တွေ အထိခိုက်အသေပျောက်ရှိနိုင်ပေမဲ့ အတိကျစုံစမ်းနေဆဲပဲ။ သူတို့ဘက်ကလည်း ရမ်းပြီး ပစ်ခတ်မှုတချို့တော့ရှိတယ်။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေ အထိခိုက်မရှိပဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။" လို့ ပြောပါတယ်။

အဲ့ဒီ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ယာဉ်တန်းရှိ စစ်ကား ၁၃ စီးအနက် ၃ စီးမြောက်နဲ့ ၉ စီးမြောက်ကားက ထိမှန်ပျက်စီးသွားပြီး  တစီးက တာယာပွင့်ထွက်ကာ ထိုးရပ်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ဆင်ရေးမှာ Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)က ဦးဆောင်ပြီး  စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၂) ၊ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM နဲ့ မိုင်းညီနောင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတယ်။

လက်ရှိမှာ မန္တလေး - မုံရွာ လမ်းတလျှောက် စစ်ကောင်စီတပ်တွေက  အရပ်ဝတ်တွေနဲ့ကင်းပုန်းချထားပါတယ်။

မန္တလေး - မုံရွာလမ်း ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏတိုက်ခိုက်ခံရပြီး အခုအပတ် စက်တင်ဘာ ၈ ရက်ကလည်း မြင်းမူမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တွေမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဖွဲ့ဝင် ၂၃ ဦး ထက်မနည်းသေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up