close

တပ်သားသစ်

close

March 10, 2023

မွန်ပြည်နယ်အတွင်းကျေးရွာများတွင် မွန်ပြည်သစ်ပါတီ တပ်သားသစ်ခေါ်ယူ

မွန်ပြည်နယ်ထဲက ကျေးရွာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ အခုရက်ပိုင်းအတွင်း ရွာသားတွေကို စစ်မှုထမ်းဖို့ တပ်သားသစ်တွေ စတင်ခေါ်ယူ စုဆောင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲက ရွာတွေအားလုံးမှာ တရွာကို အသက် ၁၈ နှ​စ်ကနေ ၄၀ ကြားအရွယ် အနည်းဆုံး လူ ၁၅ ယောက် စစ်မှုမထမ်းမနေရ သတ်မှတ်ထားပြီး စိတ်ဝင်စားတဲ့ လူငယ်လူရွယ်တွေ စစ်မှုထမ်းဖို့ ဝင်နေကြပါတယ်။

မွန်လူငယ်တဦးက “လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး မွန်ပြည်သစ်ပါတီရဲ့ ထိပ်တန်းလူတချို့လောက်ပဲ အကျိုးစီးပွားကို အသုံးချပြီး စစ်မှုထမ်းရမယ်ဆိုရင် မွန်ပြည်သစ်ပါတီထဲ ဝင်ရောက်မှာမဟုတ်ဘူး။ စစ်အာဏာရှင်ကို တွန်းလှန်မယ်ဆိုရင် ဆန္ဒအလျောက် စစ်မှုထမ်းဖို့ဆိုရင် လက်ခံကြိုဆိုတယ်” လို့  ပြောပါတယ်။

အခုလို စစ်မှုထမ်းတပ်သားသစ် ခေါ်ယူတာနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က လူသိထင်ရှား တရားဝင် သတင်းထုတ်ပြန် ပြောဆိုအသိပေးထားတာမျိုး မရှိသေးပါဘူး။

အခုလို မွန်ပြည်သစ်ပါတီဘက်က စစ်မှုထမ်း တပ်သားသစ်တွေ စတင်ခေါ်ယူနေတဲ့အပေါ်မှာ မွန်ပြည်သစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေထဲမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသူတဦးက “စစ်ရေးကို နိုင်ငံရေးစားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာအဖြေရှာမယ့် နည်းလမ်းကိုသာ သွားခဲ့နေပေမဲ့ သက်ရောက်မှုက သိပ်ပြီးမထူးခြားလာတာရယ်၊ တနိုင်ငံလုံးမှာ စစ်ကောင်စီကို တိုက်ခိုက်ဆန့်ကျင်နေတဲ့အချိန်မှာ မွန်ပြည်သစ်ပါတီဘက်က တခြား တိုင်းရင်းသားလက်နက်ကိုင်တွေလို စစ်အင်အား တိုးချဲ့ပြင်ဆင်လာခဲ့တယ်။ မွန်ဒေသတခုလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ အခုလို စစ်အင်အားတိုးချဲ့လာတာ ဖြစ်တယ်” လို့ သုံးသပ်ထားပါတယ်။

ဒေသတွင်းမှာ ပြီးခဲ့တဲ့လတွေက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲတွေဖြစ်ခဲ့လို့ မွန်ရွာတွေအများစုပါဝင်တဲ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကမ်းမလိုက်၊ မာလာတော၊ တလွဲထော်၊ ကော့ကွေး၊ မိဂလို၊ ကော့ကာ၊ ကမ်းနီ၊ ကော့ကြိုက်၊ ရွာကလေး၊ ကျောက်ဖျာ၊ မြေနီကုန်း၊ ကော့ဘိန်း၊ ကော့ပေါက်၊ ငှက်ပျောတော စတဲ့ရွာတွေထဲက ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေခဲ့ရပါတယ်။

မွန်ပြည်သစ်ပါတီဟာ  အာဏာသိမ်းစစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်ခံပြီး  နေပြည်တော်ကို ၃ ကြိမ်လောက် သွားရောက်ကာ စစ်ခေါင်းဆောင်နဲ့ရော စစ်ကောင်စီဩဇာခံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

2 hours Ago

January 16, 2023

ရုရှား တပ်သားသစ် အသက်ကန့်သတ်ချက် တိုးမြှင့်ဖွယ်ရှိ

ရုရှားစစ်သည်အင်အားကို ၃၀ ရာခိုင်နှုန်းတိုးဖို့ အစိုးရရဲ့ အစီအစဉ် တစိတ်တပိုင်း အနေနဲ့ ဒီနှစ်နွေဦးကစပြီး စစ်သားစုဆောင်းမယ့် နိုင်ငံသားတွေရဲ့ အသက်အပိုင်းအခြား ကန့်သတ်ချက်ကို တိုးမြှင့်နိုင်တယ်လို့ ဝါရင့်လွှတ်တော်အမတ် တယောက်က ပြောပါတယ်။

ရုရှားနိုင်ငံသားတွေအတွက် စစ်မှုမထမ်းမနေရ ကန့်သတ်ချက်အတွက် အသက်အပိုင်းအခြားကို လက်ရှိ အသက် ၁၈ နှစ်ကနေ ၂၇ ကြား အစား အသက် ၂၁ နှစ်ကနေ ၃၀ ကြားထားရှိ မြှင့်တင်ဖို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုပြုချက်တွေကို ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က ဒီဇင်ဘာလတုန်းက ကျောထောက်နောက်ခံပေးခဲ့ပါတယ်။

ဒါပေမဲ့ အသွင်ကူးပြောင်းရေး ကာလ တနှစ်ကနေ ၃ နှစ်အတွင်း ကန့်သတ်ချက်ကို ပြင်ဆင်မှာ ဖြစ်တယ်လို့ ရုရှားလွှတ်တော် ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ အန်ဒရေ ကာတာပိုလာ့ဗ်က လွှတ်တော်ရဲ့ တရားဝင်သတင်းစာနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ယူကရိန်းမှာ အကြီးအကျယ် ဆုံးရှုံးခဲ့တဲ့အတွက် စစ်သည်အင်အား အ​ကြီးအကျယ် လျော့နည်းပြတ်လပ်နေတာကို အားဖြည့်ဖို့ စစ်သားစုဆောင်းနိုင်မယ့် ရုရှားနိုင်ငံသား ဦးရေကို တိုးမြှင့်ဖို့ အာဏာပိုင်တွေက သိသိသာသာ ကြိုးစားနေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

2 months Ago
Up