အစ္စရေးပါလီမန် လေ့လာသုံးသပ်ရေးအဖွဲ့ဟာ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု အကြိတ်အနယ် တင်သွင်းခဲ့တဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုထဲက အဓိကဥပဒေကြမ်း ဖြစ်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်ကို မတ်လ ၂၇ ရက်က အတည်ပြုခဲ့ပါတယ်။
ဘာသာရေး-အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့တွေကို တရားသူကြီးတွေ ခန့်အပ်မှုအပေါ် ပိုပြီးထိန်းချုပ်နိုင်ခွင့်တွေ ပေးအပ်မယ့် ဥပဒေကြမ်းအပေါ် အပြင်းအထန်ကန့်ကွက်နေတဲ့ လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကော်မတီ အစည်းအဝေးအတွင်း အတိုက်အခံ လွှတ်တော်အမတ်အသီးသီးက စားပွဲခုံဝိုင်းတွေပေါ် လက်တွေနဲ့ ရိုက်တီးပြီး “ရှက်စရာကြီး” လို့ ဝိုင်းအော်ကြသလို တချို့ကိုလည်း ခန်းမအပြင်ဘက်ကို ခေါ်ထုတ်သွားကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားမျှတမှုဆိုင်ရာကော်မတီ အကြီးအကဲကတော့ ကော်မတီမှာ ဥပဒေပြုရေးကိစ္စတွေကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့က အားကောင်းနေဆဲပဲလို့ ပြောပါတယ်။
“အစ္စရေးမှာ ရွေးကောက်ပွဲရလဒ်ကို တချို့အဖွဲ့တွေက လက်မခံတဲ့အတွက် ဥပဒေပြဋ္ဌာန်းတာကို ရပ်ဖို့ ပြည်သူတွေက တောင်းဆိုနေတာဟာ ဒီမိုကရေစီမဆန်ဆုံး ကိစ္စတခုလို့ ထင်မြင်ကြောင်း” လည်း ကော်မတီရဲ့ အကြီးအကဲ လက်ယာယိမ်းအမတ် ဆင်မ်ချာ ရို့သ်မန်က ရိုက်တာကို ပြောပါတယ်။
တရားစီရင်ရေးကဏ္ဍကို ပြန်လည်ပြင်ဆင်ဖို့ ခါးခါးသီးသီး ပြိုင်ဆိုင်နေတဲ့ အစီအစဉ်တွေကို ရပ်တန့်ဖို့ အစိုးရကို ဖိအားပေးခဲ့တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂလာ့ထ်ကို ထုတ်ပယ်လိုက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ လူအစုလိုက်အပြုံလိုက် တညလုံး ဆန္ဒပြခဲ့ကြပြီး နောက်တရက်အကြာမှာ လွှတ်တော်အမတ်တွေက အခုလို ပါလီမန်အတွင်း အော်ဟစ်ဆူညံ ဆန္ဒပြခဲ့ကြတာပါ။
တိုင်းပြည်ကိုတုန်လှုပ်သွားစေတဲ့ လူထုဆန္ဒပြပွဲတွေနဲ့အတူ အတိုက်အခံခေါင်းဆောင် ယာယစ် လာဖျု(ထ်) က နိုင်ငံရေးမတည်ငြိမ်မှုကို ‘ရူးနေတာ’ လို့ ပြောကြားလိုက်ပြီး ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂလာ့ထ်ကို ထုတ်ပယ်လိုက်တာကို ပြန်ပယ်ဖျက်လိုက်ဖို့ နေတန်ယာဟုကို တောင်းဆိုခဲ့ပါတယ်။
“အခုချိန်က နယ်ပယ်အားလုံးမှာ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကြားမှာ အစ္စရေးနိုင်ငံဟာ ကာကွယ်ရေးဝန်ကြီးကို ပြောင်းလဲဖို့က မဖြစ်နိုင်သေးကြောင်း” အတိုက်အခံခေါင်းဆောင် ယာယစ် လာဖျု(ထ်) က ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။
အစ္စရေးနိုင်ငံမှာ ဒီမိုကရေစီ ခြိမ်းခြောက်ခံရမှုလို့ အတိုက်အခံတွေ ရှုမြင်ကြတဲ့ အငြင်းပွားဖွယ်ရာ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက ရှေ့တိုးလုပ်ဆောင်ဖို့ စီစဉ်နေကြတာကြောင့် မတ်လ ၁ ရက်မှာ ဆန္ဒပြသူတွေဟာ နိုင်ငံတဝန်းရှိ အဓိကလမ်းမတွေနဲ့ လမ်းဆုံတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။
တဲလ်အဗစ်နဲ့ ရာမတ်ဟာရှရွန်မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး တဲလ်အဗစ်နဲ့ ဂျေရုဆလင်ကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းမကြီးကို ဆန္ဒပြသူတွေက လမ်းပေါ်မှာ ပိတ်ဆို့ထိုင်ခဲ့ကြပြီး “အစ္စရေးဟာ အာဏာရှင်စနစ်မဟုတ်၊ ဒီမိုကရေစီနိုင်ငံ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲစီစဉ်သူတွေက “အနှောင့်အယှက်နေ့” လို့ နာမည်ပြောင်ပေးထားတဲ့နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ ပိုပြင်းထန်မယ်လို့ မျှော်လင့်ကြပါတယ်။
အစ္စရေးရဲ့ လက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အစ်တာမာဘန်ဗီယာကတော့ သူပုန်တွေ၊ မင်းမဲ့စရိုက်သမားတွေကို လမ်းပိတ်ဆို့ခွင့် မပြုကြောင်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အမျိုးသားရေး-ဘာသာရေး ညွန့်ပေါင်းအစိုးရက ဇန်နဝါရီလမှာ အဆိုပြုခဲ့တဲ့ တရားစီရင်ရေးပိုင်း ပြုပြင်ပြောင်းလဲမှုကြောင့် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ရတာပါ။
ဒီပြုပြင်ပြောင်းလဲမှုထဲမှာ တရားသူကြီးတွေကို ရွေးချယ်ရာမှာ အစိုးရက ဆုံးဖြတ်ခွင့်ရှိတာနဲ့ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ကန့်သတ်ထားမှုတွေ ပါဝင်ပါတယ်။
ဝေဖန်သူတွေကတော့ အစ္စရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတဲ့အပြင် ညွန့်ပေါင်းအဖွဲ့မှ ထိန်းချုပ်ထားတဲ့ လွှတ်တော်တခုသာ ရှိတာကြောင့် ဒါဟာ တရားရေးဆိုင်ရာလွတ်လပ်မှုကို အလွန်ကို အားနည်းသွားစေတယ်လို့ ဆိုပါတယ်။