ဂရမ်မီ ဆန်ခါတင်စာရင်းဝင် နိုင်ငံကျော် ပလတ်တီနမ်ကြယ်ပွင့် အဆိုတော် ဂျင်မီအယ်လန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲခံရပြီးနောက် သူရဲ့အေဂျင်စီ UTA နဲ့ မန်နေဂျာတို့က သူနဲ့လက်တွဲဆောင်ရွက်နေတဲ့ကိစ္စတွေကို ဆိုင်းငံ့ လိုက်ပါတယ်။
အယ်လန်ကို မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ နှောင့်ယှက်မှုတို့နဲ့ သူ့ရဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီ ဟောင်းက မန်နေဂျာတဦးက တိုင်ကြားထားတာဖြစ်ပြီး လိင်ဆက်ဆံမှုမှာ ရိုင်းစိုင်းတဲ့ လိင်ဆက်ဆံမှုနဲ့ ကြိုးကိုင်ခြယ်လှယ်တာကို ခံခဲ့ရတယ်လို့လည်း စွပ်စွဲထားပါတယ်။
တရားစွဲဆိုမှုမှာ အယ်လန်ဟာ ၁ နှစ်ခွဲကျော်ကြာအောင် လိင်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်မှုတွေ ရှိခဲ့ပြီး အလုပ်ကိစ္စအတွင်းမှာလည်း အယ်လန်ဟာ သူ့ကို မကြာခဏလိင်ပိုင်းဆိုင်ရာစော်ကားခဲ့ ကြောင်း စွပ်စွဲခဲ့ပါတယ်။
ဓာတ်ပုံရိုက်ကူးမှု၊ အစမ်းလေ့ကျင့်မှုနဲ့ ဖျော်ဖြေပွဲ လူမြင်ကွင်းတွေမှာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တယ်လို့ သူကပြောပါတယ်။
အယ်လန်ဟာ ထိုအမျိုးသမီးနဲ့ လိင်ဆက်ဆံခံကြောင်း ဝန်ခံခဲ့ပေမဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပြီး ကြေညာချက်တခုမှာ အဆိုပါစွပ်စွဲချက်တွေဟာ အလွန်စိတ် အနှောင့်အယှက် ဖြစ်စေပြီး နာကျင်စေတယ်လို့ ဆိုပါတယ်။
အယ်လန်ဟာ တရားစွဲဆိုခံပြီးနာရီပိုင်းအတွင်း BBR တေးဂီတအုပ်စုကနေ ဆိုင်းငံ့ခြင်း ခံခဲ့ရပြီး သူရဲ့သီချင်းသစ်နဲ့ ပရိုမိုးရှင်းအပါအဝင် အဆိုတော်နဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားပါတယ်။
UTA ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “မကြာသေးခင်က စွပ်စွဲချက်တွေကြောင့် ဂျင်မီအယ်လန်ကို ကျနော်တို့ အေဂျင်စီရဲ့ကိုယ်စားပြုကနေ ဆိုင်းငံ့လိုက်ပါတယ်” လို့ ပြောပါတယ်။
အယ်လန်ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ကယ်လီဖိုးနီးယားအခြေစိုက် စီမံခန့်ခွဲမှု ကုမ္ပဏီ The Familie နဲ့ လက်တွဲလုပ်ဆောင်ခဲ့ပြီး ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက "မေလ ၁၁ ရက်က စွဲချက်တင်ခံရတဲ့စွပ်စွဲချက်တွေကြောင့် The Familie ဟာ ဂျင်မီအယ်လန်နဲ့ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့တယ်" လို့ ပြောပါတယ်။
Source - Variety
သြစတြေးလျလက်ရွေးစင် ရပ်ဂ်ဘီအသင်းကစားသမား ကာ့တ်လေဘီးလ်ကို ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက် ၃ ခုနဲ့ တရားစွဲခဲ့ပြီးနောက်မှာ ဇန်နဝါရီလ ၂၁ ရက်မှာ အာမခံ ရရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဘွန်ဒီကမ်းခြေရဲ့ ဆင်ခြေဖုံးရပ်ကွက်ရှိ ဘားတစ်ခုမှာ အမျိုးသမီး တဦးအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အသက် ၃၄ နှစ်အရွယ် ရပ်ဂ်ဘီ ကစားသမားကို ဇန်နဝါရီလ ၂၀ ရက်က ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ချက်ချင်းအကျိုးသက်ရောက်မှုအဖြစ် ဇန်နဝါရီ ၂၀ မှာ ဘီးလ်ကို ရက်ဘီပြိုင်ပွဲ အားလုံးကနေ ရပ်ဆိုင်းလိုက်ပါတယ်။
"ရပ်ဂ်ဘီ သြစတြေးလျ အသင်းအနေနဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုချက်တွေ အပြီးသတ်ဖို့ စောင့်ဆိုင်းနေရချိန်အတွင်း ကာ့တ်လေ ဘီးလ်ကို ရက်ဘီပြိုင်ပွဲ ပုံစံအားလုံးကနေ ဆိုင်းငံ့ထား တယ်" လို့ ရက်ဘီအားကစားအုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီအမှုကို မတ် ၂၂ ရက်အထိ ရွှေ့ဆိုင်းထားပါတယ်။