ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ မဲဆောက်မြို့နယ်အတွင်း လူကုန်ကူးမှုနဲ့ တရားမဝင် ဥပဒေမဲ့ ဝင်ရောက် သွားလာမှုတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ထိုင်းရဲဂိတ်တွေမှာ လုံခြုံရေးပိုမိုတင်းကျပ်ဆောင်ရွက်ကြဖို့ မဲဆောက်မြို့ရဲမှူးကြီး နိုင်းမွန်းစပ်ကယောက်အွန်က ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ကြောင်း AEC သတင်းမှာ ဖေါ်ပြပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ တဖက်ကမ်းမှာရှိတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အိမ်နီးချင်း မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ နေ့စဉ် နည်းလမ်းပေါင်းစုံနဲ့ တရားမဝင် ဝင်ရောက်မှုတွေနဲ့ ဖမ်းဆီးရမိမှုတွေ ဆက်တိုက်ဖြစ်လာနေချိန်မှာ ခုလို ထိုင်းရဲဂိတ်တွေမှာ လုံခြုံရေးပိုမို တင်းကျပ်ဖို့ လုပ်ဆောင်လာတာပါ။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် မနက် ၄ နာရီခွဲလောက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတယ်လို့ နယ်စပ်ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မြန်မာနယ်စပ် သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံမြို့ကြီးတွေမှာ အလုပ်လုပ်ဖို့အတွက် ကြိုးစားရာမှာ ဖမ်းဆီးခံရတာပါ။
မြန်မာအလုပ်သမား အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၆ ဦး တင်ဆောင်လာတဲ့ ကားနှစ်စီးကို ကြိုတင်သတင်းရထားလို့ မဲဆောက်မြို့ အာရှလမ်းမကြီးအတိုင်းစောင့် ပြီး ဖမ်းဆီးခဲ့တာမှာ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် အထောက်အထားမရှိတဲ့အတွက် ဖမ်းဆီးလိုက်တာလို့ ထိုင်းရဲက ပြောပါတယ်။
ထိုင်းလူမျိုးယာဉ်မောင်းကတော့ လူကယ်ရီကနေတဆင့် မြန်မာလုပ်သားတွေကို သယ်ဆောင်ပေးဖို့ တစ်ဦးလျှင် ဘတ်ငွေ ၅၀၀ နဲ့ လုပ်ဆောင်ပေးတာဖြစ်ကြောင်း ဒီလူတွေကို မဲဆောက်မှ ဖုတ်ဖမြို့ဘက်သွားပို့ရမှာဖြစ်ပြီး အဒီကမှတဆင့် ဘန်ကောက်မြို့ကြီးတွေဘက် သွားကြမှာ ဖြစ်ကြောင်း အခုအကြိမ်မှာ ပထမအကြိမ်လုပ်ဆောင်တာလို့ ပြောပါတယ်။
မတ် ၁၄ ရက်ကလည်း မြန်မာလုပ်သား ၅၃ ဦးဖမ်းဆီးခံရကြောင်းနဲ့ လက်ရှိဖမ်းဆီးခံရသူမြန်မာ ရွှေ့ပြောင်းနဲ့ ထိုင်းယာဉ်မောင်းတွေကို ထိုင်းကျန်းမာရေးဌာနက ATK ကိုဗစ်စစ်ဆေးပြီး ထိုင်းနိုင်ငံတရားဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်အခြေအနကြောင့် အလုပ်လက်မဲ့ဖြစ်ရတာနဲ့ နှစ်နိုင်ငံအစိုးရက MOU အလုပ်သမားခေါ်ယူကိစ္စတွေရပ်ထားတာကြောင့် စောင့်ဆိုင်းမနေနိုင်တော့ဘဲ အခုလို ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်ကြတာဖြစ်တယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ကူညီသူက ဆိုပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေဟာ အဖမ်းဆီးခံတဲ့အခါ ငွေကြေးဆုံးရှုံးမှုနဲ့ကြုံရတာရှိသလို မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့် အသက်တွေ ဆုံးရှုံးခဲ့ရတာလည်း ရှိပါတယ်။
တရုတ် - မြန်မာနယ်စပ် တရုတ်ဘက် ရွှေလီ၊ ကျယ်ဂေါင်ထဲက တရားမဝင် ပို့ဆောင်ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာဘက်ခြမ်းမှာ ငွေကြေး ခြိမ်းခြောက် တောင်းခံမှုတွေကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက သိရပါတယ်။
တရုတ်အနေနဲ့ အထောက်အထားမရှိတဲ့သူတွေကို ပြည်နှင်ဒဏ်ပေးမှာဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီးနောက် အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးပြီး တရုတ်-မြန်မာနယ်စပ် နယ်ခြားစည်းအနှံ့ လိုက်ပို့နေတာပါ။
တရားဝင်ဂိတ်ပေါက်ကနေ မြန်မာဘက်က လက်မခံတာကြောင့် တရုတ်ရဲတွေအနေနဲ့ ခိုးပေါက်တွေဖြစ်တဲ့ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် မူဆယ်နယ်စပ်ဘက်က နယ်စပ်စည်း မန်ဟီးရိုး ရှမ်းရွာနဲ့ လုံချွမ်ခရိုင် လွယ်ဂျယ်နယ်စပ် လားရင်း နယ်ခြားစည်းမျဉ်းကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပို့ဆောင်ပြီး ပြန်ခိုင်းနေတယ်လို့ ဆိုပါတယ်။
ပြန်လာခဲ့သူ မမေသဉ္စာအောင်က “ပိုက်ဆံအလုံအလောက် မပါတဲ့သူတွေကျတော့ ဒုက္ခရောက်တယ်။ ဟိုဘက်ကနေ ထွက်လာတဲ့အချိန်ကတော့ ပုံမှန်ဆိုရင် ဒီ တရားဝင်အပေါက်ကနေ ထွက်ခွင့်ပေးတယ်ဆိုရင် ပိုက်ဆံမကုန်ဘူးပေါ့နော်။ မူဆယ် ပြန်ထွက်တယ်ဆိုရင်။ အခုကျတော့ ဟိုဘက် မန်ဟီးရိုး ဘက်ကနေ ထွက်ရတယ်ဆိုတော့လေ မြန်မာငွေ တစ်သိန်းကနေ တစ်သိန်းခွဲထိ ကုန်တယ်။ ခါတိုင်းလို မဟုတ်ဘဲနဲ့။ အဲဒါ ပြည်ပြန်တဲ့သူတွေကျတော့ အဆင်မပြေလို့ ပြန်ကြတာဆိုတော့ အပြန်မှာ ငွေကြေးအလုံအလောက် မရှိတဲ့အခါကျတော့ ဒုက္ခရောက်တယ်ရှင့်။” လို့ ပြောပါတယ်။
မြန်မာဘက်ခြမ်း မန်ဟီးရိုး ရှမ်းရွာက ရွာဖြတ်သန်းခ ပေးရတဲ့အပြင် ၁၅ မိနစ်လောက်သာ ကားမောင်းရတဲ့ခရီးကို ကားခအဆမတန် တောင်းတာကြောင့် ခက်ခဲနေကြတာလို့ ပြန်လာတဲ့ အမျိုးသားတဦးက ပြောပါတယ်။
“ရှမ်းတွေနဲ့ ဈေးညှိတာ စိတ်အပျက်ဆုံးပဲ။ ဈေးကို မတန်မဆတွေ အတင်းတောင်းတယ်ဗျာ။ မန်ဟီးရိုးအပေါက်နဲ့ မူဆယ်အရောက်ကို တရုတ်ငွေ ၃၀၀ ဗျာ။ ကာလတန်ကြေးက တစ်သိန်းနီးပါးရှိတယ်လေ။ အလုပ်မရှိတဲ့ သူတွေ ဘယ်လိုပေးမလဲ။ တချို့တွေဆိုရင် ကလေးတွေပါတယ်ဗျာ။ ကလေးတွေကိုလည်း တောင်းတယ်။ လမ်းစရိတ်တွေက ဘယ်သူမှ မပြန်ရဲတော့ဘူးလေ။ မန်ဟီးရိုးနဲ့ မူဆယ်ဆိုတာ အလွန်ဆုံးမောင်းမှ ၁၅ မိနစ်လောက် မောင်းရင်ရောက်ပြီ။ ပန်ခမ်း ရဲကင်းလားတော့ မသိဘူး။ တံတားဖြတ်တဲ့နားလေးက ဂိတ်ပေါ့။ အဲဒီမှာလည်း တစ်ယောက်ကို မြန်မာငွေ ၅၀၀၀ တောင်းတယ်။ ၆ ယောက်ဆို သုံးသောင်းပေါ့” လို့ ပြန်လာသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပိုက်ဆံမပေးပါက ရွာအဖြတ်မခံဘဲ ပြန်လာသူတွေ အချို့က မန်ဟီးရိုး ရှမ်းရွာ ဖြတ်သန်းခ ၃၀၀ ယွမ်အထိ တောင်းတာခံရပြီး တချို့က မူဆယ်အရောက် ကားခ ၃၅၀ ယွမ်၊ မူဆယ်အဝင်က စစ်သားတွေကို ၁၀ ယွမ်၊ ရဲတွေကို ၂၀ ယွမ် အားလုံး ၃၈၀ ယွမ်ကုန်ကျတယ်လို့ လူငယ်တဦးက ပြောပါတယ်။
“မြန်မာဘက်ခြမ်း ရှမ်းရွာရောက်မှ တရုတ်ငွေ ၃၀၀ ပေးရတာ။ စက်လှေခ ပေးတယ်ဗျာ ကြည်ဖြူတယ်။ ဒီဘက်ကမ်းရောက်မှ ပြည်သူ့ရဲ ဆိုတာက ၂၀၊ စစ်သားဆိုတာက ၁၀၊ ဘာအတွက်လဲ မသိဘူး။”
တရုတ်ဘက်ကနေ ညအချိန်မှ တရားမဝင် ပို့ဆောင်နေတာဖြစ်ပြီး မြန်မာဘက်ခြမ်း မူဆယ်မှာ မာရှယ်လော၊ လော့ခ်ဒေါင်းတွေရှိတာကြောင့် အချိန်မမီရင် လမ်းမှာ အရမ်းဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်။
Pra Jaw ၊ Photo : မြန်မာ ရွှေ့ပြောင်းလုပ်သားတစ်ဦး