close

ထိုင်းရဲဂိတ်များ လုံခြုံရေးတင်းကျပ်၊ တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ဆက်တိုက် ဖမ်းမိ

ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ မဲဆောက်မြို့နယ်အတွင်း လူကုန်ကူးမှုနဲ့ တရားမဝင် ဥပဒေမဲ့ ဝင်ရောက် သွားလာမှုတွေကို ဖမ်းဆီးနိုင်ဖို့အတွက်  ထိုင်းရဲဂိတ်တွေမှာ လုံခြုံရေးပိုမိုတင်းကျပ်ဆောင်ရွက်ကြဖို့ မဲဆောက်မြို့ရဲမှူးကြီး နိုင်းမွန်းစပ်ကယောက်အွန်က  ရဲတပ်ဖွဲ့ဝင်တွေကို  ညွှန်ကြားလိုက်ကြောင်း AEC သတင်းမှာ ဖေါ်ပြပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ တဖက်ကမ်းမှာရှိတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အိမ်နီးချင်း မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ  နေ့စဉ် နည်းလမ်းပေါင်းစုံနဲ့ တရားမဝင် ဝင်ရောက်မှုတွေနဲ့ ဖမ်းဆီးရမိမှုတွေ ဆက်တိုက်ဖြစ်လာနေချိန်မှာ ခုလို ထိုင်းရဲဂိတ်တွေမှာ လုံခြုံရေးပိုမို တင်းကျပ်ဖို့ လုပ်ဆောင်လာတာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် မနက်  ၄ နာရီခွဲလောက်က  တရားမဝင် ဝင်ရောက်လာတဲ့  မြန်မာအလုပ်သမား ၃၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတယ်လို့ နယ်စပ်ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြန်မာနယ်စပ် သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ကူးပြီး  ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံမြို့ကြီးတွေမှာ အလုပ်လုပ်ဖို့အတွက် ကြိုးစားရာမှာ ဖမ်းဆီးခံရတာပါ။

မြန်မာအလုပ်သမား အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၆ ဦး တင်ဆောင်လာတဲ့ ကားနှစ်စီးကို ကြိုတင်သတင်းရထားလို့ မဲဆောက်မြို့ အာရှလမ်းမကြီးအတိုင်းစောင့် ပြီး ဖမ်းဆီးခဲ့တာမှာ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် အထောက်အထားမရှိတဲ့အတွက် ဖမ်းဆီးလိုက်တာလို့  ထိုင်းရဲက ပြောပါတယ်။

ထိုင်းလူမျိုးယာဉ်မောင်းကတော့ လူကယ်ရီကနေတဆင့်  မြန်မာလုပ်သားတွေကို သယ်ဆောင်ပေးဖို့ တစ်ဦးလျှင် ဘတ်ငွေ ၅၀၀ နဲ့ လုပ်ဆောင်ပေးတာဖြစ်ကြောင်း ဒီလူတွေကို မဲဆောက်မှ ဖုတ်ဖမြို့ဘက်သွားပို့ရမှာဖြစ်ပြီး  အဒီကမှတဆင့် ဘန်ကောက်မြို့ကြီးတွေဘက် သွားကြမှာ ဖြစ်ကြောင်း အခုအကြိမ်မှာ ပထမအကြိမ်လုပ်ဆောင်တာလို့ ပြောပါတယ်။

မတ် ၁၄ ရက်ကလည်း မြန်မာလုပ်သား  ၅၃ ဦးဖမ်းဆီးခံရကြောင်းနဲ့ လက်ရှိဖမ်းဆီးခံရသူမြန်မာ ရွှေ့ပြောင်းနဲ့ ထိုင်းယာဉ်မောင်းတွေကို ထိုင်းကျန်းမာရေးဌာနက ATK ကိုဗစ်စစ်ဆေးပြီး ထိုင်းနိုင်ငံတရားဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်အခြေအနကြောင့် အလုပ်လက်မဲ့ဖြစ်ရတာနဲ့ နှစ်နိုင်ငံအစိုးရက MOU အလုပ်သမားခေါ်ယူကိစ္စတွေရပ်ထားတာကြောင့်  စောင့်ဆိုင်းမနေနိုင်တော့ဘဲ အခုလို ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်ကြတာဖြစ်တယ်လို့  ရွှေ့ပြောင်းမြန်မာအလုပ်သမား ကူညီသူက ဆိုပါတယ်။

ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေဟာ  အဖမ်းဆီးခံတဲ့အခါ ငွေကြေးဆုံးရှုံးမှုနဲ့ကြုံရတာရှိသလို  မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့် အသက်တွေ ဆုံးရှုံးခဲ့ရတာလည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up