ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကနေ ချေဖျက်အမိန့်ချမှတ်ထားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှုကို စစ်ကောင်စီက ပြင်ဆင်ချက်လျှောက်ထားပြီး တရားပြန်စွဲလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားပါတယ်။ အဲဒီအမှုအတွက် ဝန်ကြီးချုပ်ရဲ့ ရှေ့နေ့အဖွဲ့က တရားစွဲအဖွဲ့အစည်း ခွင်ပြုမိန့်မပါတာကြောင့် အမှု တစ်ခုလုံးကို ချေဖျက်ပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ လျှောက်ထားခဲ့တာပါ။
အဲဒီနောက်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ကနေ ဇွန် ၂၉ ရက်နေ့မှာ အမှုတစ်ခုလုံးကို ချေဖျက်ကြောင်း အမိန့်ချမှတ်ခဲ့တာပါ။
ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီက အဲဒီအမှုအတွက် တရားစွဲအဖွဲ့အစည်း ခွင့်ပြုအမိန့်နဲ့ ပြန်လည်လျှောက်ထားပြီး သြဂုတ် ဒုတိယအပတ်မှာ ဒုတိယအကြိမ် ထပ်မံတရားစွဲခဲ့တာပါ။
တရားရုံးနဲ့နီးစပ်သူတွေအဆိုအရ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ကနေ ချေဖျက်အမိန့် ချမှတ်ထားပေမဲ့လည်း တရားပြန်စွဲနိုင်ဆိုတဲ့ သာဓကတွေ ရှိခဲ့တာကြောင့် စစ်ကောင်စီဘက်က တရားစွဲဆိုတာ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က တရားစွဲတင်လာတဲ့အတွက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ သြဂုတ် ၁၆ ရက်နေ့က ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ရုံးထုတ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် တရားသူကြီးက ခွင့်တင်ထားတဲ့အတွက် အမှုမစစ်ဖြစ်ဘဲ ရုံးချိန်းရွှေ့ဆိုင်းခဲ့တာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀(က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရတာပါ။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး လတ်တလောမှာတော့ ကျန်းမာရေးကောင်းမွန်နေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက စွပ်စွဲကာ တရားစွဲထားတဲ့အမှုနှစ်မှုကို ချေဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်ထားတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက ဒေါ်လာ ငါးသိန်းခွဲ လာဘ်စားခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှုးတိုက်ဖျက်ရေးပုဒ်မ နှစ်ခုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီနှစ်မှုနဲ့ပတ်သက်လို့ ချေဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်ထားတဲ့အပေါ် လက်ခံရန် သင့် မသင့် တရားလွှတ်တော်ချုပ်က ကြားနာဆုံးဖြတ်မယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းကာလ အစောပိုင်းမှာ တရားစွဲဆို အမိန့်ချပြီးဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှု နှစ်မှု၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ကိုလည်း ပြင်ဆင်မိန့်အဆင့်ဆင့် တက်ထားတယ်လို့လည်း သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့မှာ ရှောင်တာနယ်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုရုံးချိန်းဖြစ်ပေမယ့် တရားသူကြီး နေမကောင်းလို့ ခွင့်ယူထားတဲ့အတွက် မစစ်ဆေး ဖြစ်ဘူးလို့လည်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံ/ဘဏ္ဍာ/စက်မှုဒုဝန်ကြီး ဦးဆက်အောင်နဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာပါ။