close

အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားတဲ့ အဂတိမှု ၂ မှု ချေဖျက်ပေးရန် တရားရုံးချုပ်တင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်   အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက စွပ်စွဲကာ တရားစွဲထားတဲ့အမှုနှစ်မှုကို ချေဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်ထားတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက ဒေါ်လာ ငါးသိန်းခွဲ လာဘ်စားခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှုးတိုက်ဖျက်ရေးပုဒ်မ နှစ်ခုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီနှစ်မှုနဲ့ပတ်သက်လို့ ချေဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်ထားတဲ့အပေါ် လက်ခံရန် သင့် မသင့် တရားလွှတ်တော်ချုပ်က ကြားနာဆုံးဖြတ်မယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းကာလ အစောပိုင်းမှာ တရားစွဲဆို အမိန့်ချပြီးဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှု နှစ်မှု၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ကိုလည်း ပြင်ဆင်မိန့်အဆင့်ဆင့် တက်ထားတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့မှာ ရှောင်တာနယ်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုရုံးချိန်းဖြစ်ပေမယ့် တရားသူကြီး နေမကောင်းလို့ ခွင့်ယူထားတဲ့အတွက် မစစ်ဆေး ဖြစ်ဘူးလို့လည်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံ/ဘဏ္ဍာ/စက်မှုဒုဝန်ကြီး ဦးဆက်အောင်နဲ့  စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာပါ။

//
Up