ကယ်လီဖိုးနီးယားပြည်နယ်မှာ ခုရက်ပိုင်းအတွင်း လူအစုလိုက်အပြုံလိုက် သေနတ်ပစ်ခံရမှု ၂ ခုထဲက ဒုတိယအမှုဖြစ်တဲ့ Half Moon Bay ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ ရွှေ့ပြောင်းအခြေစိုက် လယ်ယာလုပ်သားတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်မှာ သူ့ကို ပထမဆုံး ရုံးထုတ်ခဲ့ပါတယ်။
သူဟာ သူနဲ့အလုပ်အတူလုပ်သူတွေ အပါအဝင် လူ ၇ ယောက်ကို ဆန်ဖရန်စစ္စကိုမြို့အနီးမှာ အသေပစ်သတ်ခဲ့တာပါ။
ပင်လယ်ကမ်းစပ်မြို့ Half Moon Bay ရှိ မှိုစိုက်ခင်းနှစ်ခုမှာ တနင်္လာနေ့က သတ်ဖြတ်မှုရဲ့ တဦးတည်းသော သံသယရှိသူ အသက် ၆၆ နှစ်အရွယ် ချွန်းလိကျောင်ကို ကြိုတင်ပြင်ဆင် လူသတ်မှု ၇ မှုနဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း တရားရုံးမှာ တင်ပြခဲ့ပါတယ်။
ဒေသဆိုင်ရာ အစိုးရရှေ့နေတွေကတော့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်မှာ လူသတ်မှုကျူးလွန်ရန် ကြံစည်မှုဆိုပြီး တပေါင်းတည်း တင်သွင်းထားတာပါ။
ကယ်လီဖိုးနီးယားပြည်နယ်၊ Redwood City အနီးရှိ San Mateo ကောင်တီ အထက်တရားရုံးက တရားသူကြီးရှေ့မှောက်မှာ အကျဉ်းချုံးကြားနာမှုအတွင်း ချွန်းလိကျောင်ကို အာမခံမပေးဘဲ ချုပ်နှောင်ထားဖို့ အမိန့်ချခဲ့ပါတယ်။ သူ့အတွက် ပုဂ္ဂလိက ရှေ့နေနှစ်ဦးကို ခန့်အပ်ပေးခဲ့ပေမဲ့ အယူခံဝင်ခဲ့ခြင်း မရှိပါဘူး။
ခရိုင်ရှေ့နေ တိဗ်ဝက်ဂ်စတတ်ဖ်ရဲ့ အဆိုအရ အမေရိကန်မှာ အနည်းဆုံး ၁၀ နှစ် နေထိုင်လာခဲ့တဲ့ တရုတ်နိုင်ငံသားဖြစ်သူ တရားခံအတွက် မန်ဒရင်းဘာသာပြန်ဆိုသူတဦးကို ပံ့ပိုးပေးထားပါတယ်။ ဒီအမှုရဲ့ နောက်ထပ်ရုံးချိန်းကို လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ သတ်မှတ်ထားပါတယ်။
သြစတြေးလျ စီးပွားရေးပညာရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် မစ္စတာ ရှောင်တာနယ်လ်ကို ဖေဖော်ဝါရီလ စစ်တပ်အာဏာစသိမ်းချိန်ကတည်းက ဖမ်းဆီးထားပြီး ခုချိန်ထိ သူ့ကို တရားရုံးမှာ အမှုစစ်ဆေးစီရင် နိုင်ခြင်းမရှိသေးပါဘူး။
မစ္စတာ ရှောင်တာနယ်လ်ကို ဖေဖော်ဝါရီ ၆ ရက်ကတည်းက ဖမ်းဆီးထားပြီးကတည်းက လူမြင်ကွင်းမှာ ပေါ်မလာသေးပဲ ဇွန် ၂၃ ရက်နေ့ တရားရုံးကြားနာမှုမှာ တက်ရောက်လာတာလည်း မတွေ့ရပါဘူး။ သူ့ကို စွပ်စွဲထားတဲ့ပြစ်မှုတွေနဲ့ တခြားသူတွေရဲ့ပြစ်မှုတွေကို တိကျတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း စစ်ကောင်စီက လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ သြစတြေးလျပညာရှင်ဟာ လျှို့ဝှက် နိုင်ငံ့ဘဏ္ဍာရေး သတင်းအချက်အလက်တွေကို ရယူခဲ့ပြီး နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်ကို ကိုးကားပြီး မြန်မာနိုင်ငံရဲ့ ရုပ်မြင်သံကြားကနေ လွှင့်သွားပါတယ်။
“မီးလျှံနဂါးများ- မြန်မာနိုင်ငံရှိ ဘဏ်များ၊ ငွေချေးငှားသူများနဲ့ အသေးစားချေးငွေလုပ်ငန်း” ဆိုတဲ့စာအုပ်ကို ရေးသားသူ ရှောင်တာနယ်လ်ဟာ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးကာလ နောက်ပိုင်း ၂၀၁၅ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရ အာဏာရပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးဖြစ်လာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့အကြံပေး ရှောင်တာနယ်လ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ၃ ယောက်တို့ကို ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်များ ဥပဒေနဲ့ တရားစွဲထားတာပါ။
သြစတြေးလျနိုင်ငံခြားရေး၀န်ကြီးကတော့ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အမှုစစ်ဆေးခြင်းအတွက် တောင်းဆိုထားပြီး ဩစတေးလျအစိုးရအနေနဲ့ ပါမောက္ခ ရှောင်တာနယ်လ်ကို မတရား ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကို ယုံကြည်ထားပြီး သူ အဖမ်းခံထားရကတည်းက လွတ်မြောက်ဖို့ အစဉ်တစိုက်တောင်းဆိုနေပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့က ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ရေတပ် ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂျွန်စတန်က မစ္စတာ ရှောင်တာနယ်လ်နဲ့ မြန်မာစစ်တပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဆက်သွယ် စကားပြောခဲ့ပါတယ်။