ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုကျူးလွန်သူကို လူသတ်မှုဖြင့် စွဲချက်တင် ရုံးထုတ်

ကယ်လီဖိုးနီးယားပြည်နယ်မှာ ခုရက်ပိုင်းအတွင်း လူအစုလိုက်အပြုံလိုက် သေနတ်ပစ်ခံရမှု ၂ ခုထဲက ဒုတိယအမှုဖြစ်တဲ့ Half Moon Bay ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ ရွှေ့ပြောင်းအခြေစိုက် လယ်ယာလုပ်သားတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်မှာ သူ့ကို ပထမဆုံး ရုံးထုတ်ခဲ့ပါတယ်။
သူဟာ သူနဲ့အလုပ်အတူလုပ်သူတွေ အပါအဝင် လူ ၇ ယောက်ကို ဆန်ဖရန်စစ္စကိုမြို့အနီးမှာ အသေပစ်သတ်ခဲ့တာပါ။
ပင်လယ်ကမ်းစပ်မြို့ Half Moon Bay ရှိ မှိုစိုက်ခင်းနှစ်ခုမှာ တနင်္လာနေ့က သတ်ဖြတ်မှုရဲ့ တဦးတည်းသော သံသယရှိသူ အသက် ၆၆ နှစ်အရွယ် ချွန်းလိကျောင်ကို ကြိုတင်ပြင်ဆင် လူသတ်မှု ၇ မှုနဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း တရားရုံးမှာ တင်ပြခဲ့ပါတယ်။
ဒေသဆိုင်ရာ အစိုးရရှေ့နေတွေကတော့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်မှာ လူသတ်မှုကျူးလွန်ရန် ကြံစည်မှုဆိုပြီး တပေါင်းတည်း တင်သွင်းထားတာပါ။
ကယ်လီဖိုးနီးယားပြည်နယ်၊ Redwood City အနီးရှိ San Mateo ကောင်တီ အထက်တရားရုံးက တရားသူကြီးရှေ့မှောက်မှာ အကျဉ်းချုံးကြားနာမှုအတွင်း ချွန်းလိကျောင်ကို အာမခံမပေးဘဲ ချုပ်နှောင်ထားဖို့ အမိန့်ချခဲ့ပါတယ်။ သူ့အတွက် ပုဂ္ဂလိက ရှေ့နေနှစ်ဦးကို ခန့်အပ်ပေးခဲ့ပေမဲ့ အယူခံဝင်ခဲ့ခြင်း မရှိပါဘူး။
ခရိုင်ရှေ့နေ တိဗ်ဝက်ဂ်စတတ်ဖ်ရဲ့ အဆိုအရ အမေရိကန်မှာ အနည်းဆုံး ၁၀ နှစ် နေထိုင်လာခဲ့တဲ့ တရုတ်နိုင်ငံသားဖြစ်သူ တရားခံအတွက် မန်ဒရင်းဘာသာပြန်ဆိုသူတဦးကို ပံ့ပိုးပေးထားပါတယ်။ ဒီအမှုရဲ့ နောက်ထပ်ရုံးချိန်းကို လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ သတ်မှတ်ထားပါတယ်။