အီရန်နိုင်ငံမှာ ဟီဂျပ်ဘ်ခေါင်းဆောင်းဝတ်ဆင်မှုဟာ တရားဥပဒေဖြစ်တယ်လို့ သမ္မတ အီဘရာဟင်မ် ရိုင်ဆီက ဧပြီ ၁ ရက်မှာ ပြောပါတယ်။
ရှီအိုက်မူစလင်မြို့တမြို့ရဲ့ ကုန်စုံဆိုင်မှာ ဟီဂျပ်ဘ်ခေါင်းဆောင်းဝတ်ဆင်ထားခြင်းမရှိတဲ့ အမျိုးသမီး ၂ ယောက်အပေါ် အမျိုးသားတစ်ယောက်က ဒိန်ချဉ်ဘူးနဲ့ လောင်းချခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ပျံ့နှံ့ခဲ့ပြီးနောက် အီရန်သမ္မတရဲ့ ဒီပြောဆိုချက် ထွက်ပေါ်လာခဲ့တာပါ။
ဟီဂျပ်ဘ်စည်းမျဉ်း ချိူးဖောက်တယ်လို့ စွပ်စွဲကာ အသက် ၂၂နှစ်အရွယ် အီရန်-ကာ့ဒ် အမျိုးသမီးငယ်တစ်ဦးကို ကျင့်ဝတ်ထိန်းရဲတွေ ဖမ်းဆီးခဲ့ရာက လူသေဆုံးခဲ့ရတာကြောင့် အီရန်နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်နောက်ပိုင်း မျက်နှာလွှာပုဝါ ဖယ်ရှားကာ အာဏာပိုင်တွေအပေါ် အာခံဖီဆန်လာတဲ့ အမျိုးသမီးတွေလည်း ပိုမိုများပြားလာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကလည်း ဒီလိုလူထုအုံကြွမှု အပေါ်မှာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
အီရန်အရှေ့မြောက်ပိုင်း မက်ရှ်ဟတ်မြို့အနီးက မြို့ငယ်လေးမှာ တရားရေးအာဏာပိုင်တွေက ဒိန်ချဉ်နဲ့လောင်းချခဲ့တဲ့ အမျိုးသားကို ဖမ်းဝရမ်းထုတ်ပြန်ထားသလို ခေါင်းပေါ်ကနေ ဒိန်ချဉ်နဲ့လောင်းချခံရတဲ့ အမေဖြစ်သူနဲ့ သမီးဖြစ်သူကိုပါ တင်းကျပ်တဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးမိန့်ထဲမှာ ထည့်သွင်းထားတယ်လို့ နိုင်ငံပိုင်မီဒီယာမှာ သတင်းဖော်ပြထားပါတယ်။
ဒီအမျိုးသမီး ၂ ဦး အပေါ် အကာအကွယ်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်ကိုတော့ သတိပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အခင်းဖြစ်ပွားရာဆိုင်ကို ပိတ်လိုက်ရတယ်လို့ လူမှုကွန်ရက်တွေမှာ သတင်းတွေထွက်ပေါ်နေပြီး ဆိုင်ပိုင်ရှင် ဘက်ကတော့ ဆိုင်ပြန်ဖွင့်ခွင့်ရပေမယ့် တရားရုံးမှာ ဖြေရှင်းချက်ပေးရမှာ ဖြစ်တယ်လို့ ဒေသခံသတင်း အေဂျင်စီတစ်ခုကို ဖြေဆိုထားပါတယ်။
အီရန်နိုင်ငံမှာ မဖြစ်မနေလိုက်နာဖို့ လိုအပ်တဲ့ ဝတ်စားဆင်ယင်မှု ဆိုင်ရာစည်းမျိုးကို ချိုးဖောက်ရင် ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေရှိနေပေမယ့်လည်း နိုင်ငံတဝန်းက ကုန်တိုက်တွေ၊ စားသောက်ဆိုင်တွေ၊ အခြားဆိုင်တွေနဲ့ လမ်းတွေပေါ်မှာ မျက်နာလွှာပုဝါ မဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေကို အနှံ့အပြား တွေ့နိုင်ပါတယ်။
ဥရောပသမဂ္ဂနိုင်ငံတချို့ဟာ ပိုလန်ရဲ့ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို နားမလည်ကြကြောင်းနဲ့ ပိုလန်နိုင်ငံဟာ တရားဥပဒေစိုးမိုးရေးမှာ ပြဿနာမရှိဘူးလို့ ပိုလန်ဝန်ကြီးချုပ် မာတေးရှ် မိုရာဝီရက်စကီက အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။
တရားဥပဒေစိုးမိုးရေးကို ပိုလန်နိုင်ငံရဲ့ လိုက်နာမှုကို ဆွေးနွေးခဲ့ကြတဲ့ ဥရောပကောင်စီ ထိပ်သီးအစည်းအဝေးအပြီး ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပိုလန်ဝန်ကြီးချုပ်က ပြောတာပါ။
ဥရောပသမဂ္ဂမှာ ကြီးမားတဲ့ အရည်အချင်းတွေရှိပေမဲ့ ဒါတွေဟာ အကန့်အသတ်မဲ့ မဟုတ်ဘဲ အုပ်စုကလည်း သူ့ရဲ့ပေးအပ်ထားတဲ့ စွမ်းရည်တွေအတွင်းမှာပဲ လုပ်ဆောင်နိုင်မှာလို့ ဆိုပါတယ်။
အခုလအတွင်းမှာ ပိုလန်နိုင်ငံ ဖွဲ့စည်းပုံခုံရုံးကနေ အီးယူဥပဒေရဲ့ အစိတ်အပိုင်းတွေဟာ နိုင်ငံရဲ့ပဋိညာဉ်နဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ကတည်းက ပိုလန်နိုင်ငံရဲ့ အာဏာရ အမျိုးသားရေးဝါဒီတွေနဲ့ လစ်ဘရယ်အများစုတို့ကြား ကာလရှည်ကြာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး အီးယူ ပေါင်းစည်းမှုရဲ့ ဗဟိုသဘောတရားကို စိန်ခေါ်နေတယ်လို့လည်း ဆိုပါတယ်။
ပိုလန်ဝန်ကြီးချုပ် မိုရာဝီရက်စကီရဲ့ ဥပဒေနှင့်တရားမျှတမှု (PiS) ပါတီဟာ တရားရုံးတွေနဲ့ မီဒီယာလွတ်လပ်ခွင့်မှသည် အမျိုးသမီးတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ LGBT တွေရဲ့ အခွင့်အရေးတွေအထိ ဒီမိုကရေစီ အခြေခံမူတွေ အများအပြားနဲ့ပတ်သက်ပြီး အီးယူနဲ့ နှစ်ပေါင်းများစွာ ခါးသီးတဲ့ ရန်ပွဲတွေ ဆင်နွှဲနေခဲ့ရပါတယ်။