close

ဟီဂျပ်ဘ်ဝတ်ဆင်မှု တရားဥပဒေဖြစ်ဟု အီရန် သမ္မတပြော

အီရန်နိုင်ငံမှာ ဟီဂျပ်ဘ်ခေါင်းဆောင်းဝတ်ဆင်မှုဟာ တရားဥပဒေဖြစ်တယ်လို့ သမ္မတ အီဘရာဟင်မ် ရိုင်ဆီက ဧပြီ ၁ ရက်မှာ ပြောပါတယ်။ 

ရှီအိုက်မူစလင်မြို့တမြို့ရဲ့ ကုန်စုံဆိုင်မှာ ဟီဂျပ်ဘ်ခေါင်းဆောင်းဝတ်ဆင်ထားခြင်းမရှိတဲ့ အမျိုးသမီး ၂ ယောက်အပေါ် အမျိုးသားတစ်ယောက်က ဒိန်ချဉ်ဘူးနဲ့ လောင်းချခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ပျံ့နှံ့ခဲ့ပြီးနောက် အီရန်သမ္မတရဲ့ ဒီပြောဆိုချက် ထွက်ပေါ်လာခဲ့တာပါ။

ဟီဂျပ်ဘ်စည်းမျဉ်း ချိူးဖောက်တယ်လို့ စွပ်စွဲကာ အသက် ၂၂နှစ်အရွယ် အီရန်-ကာ့ဒ် အမျိုးသမီးငယ်တစ်ဦးကို ကျင့်ဝတ်ထိန်းရဲတွေ ဖမ်းဆီးခဲ့ရာက လူသေဆုံးခဲ့ရတာကြောင့် အီရန်နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ 

ဒီဖြစ်ရပ်နောက်ပိုင်း မျက်နှာလွှာပုဝါ ဖယ်ရှားကာ အာဏာပိုင်တွေအပေါ် အာခံဖီဆန်လာတဲ့ အမျိုးသမီးတွေလည်း ပိုမိုများပြားလာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကလည်း ဒီလိုလူထုအုံကြွမှု အပေါ်မှာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ 

အီရန်အရှေ့မြောက်ပိုင်း မက်ရှ်ဟတ်မြို့အနီးက မြို့ငယ်လေးမှာ တရားရေးအာဏာပိုင်တွေက ဒိန်ချဉ်နဲ့လောင်းချခဲ့တဲ့ အမျိုးသားကို ဖမ်းဝရမ်းထုတ်ပြန်ထားသလို ခေါင်းပေါ်ကနေ ဒိန်ချဉ်နဲ့လောင်းချခံရတဲ့ အမေဖြစ်သူနဲ့ သမီးဖြစ်သူကိုပါ တင်းကျပ်တဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးမိန့်ထဲမှာ ထည့်သွင်းထားတယ်လို့ နိုင်ငံပိုင်မီဒီယာမှာ သတင်းဖော်ပြထားပါတယ်။

ဒီအမျိုးသမီး ၂ ဦး အပေါ် အကာအကွယ်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်ကိုတော့ သတိပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အခင်းဖြစ်ပွားရာဆိုင်ကို ပိတ်လိုက်ရတယ်လို့ လူမှုကွန်ရက်တွေမှာ သတင်းတွေထွက်ပေါ်နေပြီး ဆိုင်ပိုင်ရှင် ဘက်ကတော့ ဆိုင်ပြန်ဖွင့်ခွင့်ရပေမယ့် တရားရုံးမှာ ဖြေရှင်းချက်ပေးရမှာ ဖြစ်တယ်လို့ ဒေသခံသတင်း အေဂျင်စီတစ်ခုကို ဖြေဆိုထားပါတယ်။ 

အီရန်နိုင်ငံမှာ မဖြစ်မနေလိုက်နာဖို့ လိုအပ်တဲ့ ဝတ်စားဆင်ယင်မှု ဆိုင်ရာစည်းမျိုးကို ချိုးဖောက်ရင် ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေရှိနေပေမယ့်လည်း နိုင်ငံတဝန်းက ကုန်တိုက်တွေ၊ စားသောက်ဆိုင်တွေ၊ အခြားဆိုင်တွေနဲ့ လမ်းတွေပေါ်မှာ မျက်နာလွှာပုဝါ မဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေကို အနှံ့အပြား တွေ့နိုင်ပါတယ်။ 

Up