close

တရုတ်ကွန်မြူနစ်ပါတီ

close

January 13, 2023

အေအေ ဖမ်းဆီးထားသည့် ပါတီခေါင်းဆောင် ၂ ဦး ပြန်လွတ်ရန် တရုတ်ကို အကူအညီ တောင်းထားဟု ဒေါက်တာအေးမောင်ပြော

ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပါတီခေါင်းဆောင်နှစ်ဦး ပြန်လည်လွတ်မြောက်လာဖို့အတွက် တရုတ်ပြည်ကွန်မြူနစ်ပါတီ (CPC) ထံမှာ အကူအညီ တောင်းခံထားတယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပါတီခေါင်ဆောင်နှစ်ဦးမှာ ရခိုင့်ဦးဆောင်ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဇောဦးနဲ့ ပါတီဗဟိုအကြံပေးကောင်စီဝင် ဦးကျော်လွင်တို့ နှစ်ဦးကို ရက္ခိုင့်တပ်တော် ဖမ်းဆီးထိန်းသိမ်းထားမှုကနေ လွတ်မြောက်ဖို့အတွက် တရုတ်သံအမတ်က တဆင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ (CPC) ထံ အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။

“CPC နဲ့ ကျနော်တို့က မိတ်ဘက်ပါတီတွေဗျာ။ အဲတော့ သူတို့ဘက်ကမေးတယ်။ ဦးကျော်ဇောဦး ဒီလိုမျိုး သတင်းတွေမှာပါတယ် ဟုတ်လားပေါ့။ ကျနော်တို့ကလည်း ဟုတ်တယ်။ ကျနော်တို့ဆီက နှစ်ယောက် ULA ဘက်က ဖမ်းထားတာရှိတယ်။ ဘာမှလည်း အပြစ်မရှိဘူး။ ဒီလို လူမှုကွန်ရက်မှာ ဒီအကြောင်းကြောင့်ဖြစ်တယ်။ သူတို့က သူလျှိုလုပ်လို့လားဆိုတော့ မဟုတ်ဘူး ဒီကြောင့်ဖြစ်တယ်။ အဲဒါကို ခင်ဗျာတို့ဘက်က အစိုးရကိုတင်ပြဖို့ သံအမတ်ကြီးကို ပြောပေးပါ။ သံအမတ်ကြီးကို ပြောပြီးပြီ။ အဲဒါကို ပြန်ပို့တာပေါ့။ အဲ့တော့ သံအမတ်ကြီးကတဆင့် မစ္စတာ တိန့်ရှီဂျွန် မြောက်ပိုင်းမှာ မတွေ့ခင်ကတည်းက ကျနော်တို့ တင်ပြထားတာပါ။”

ရခိုင့်ဦးဆောင်ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဇောဦးကို နိုဝင်ဘာ ၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရက္ခိုင့်တပ်တော်ဘက်က ခေါ်ယူစကားပြောနေတာဖြစ်တယ်လို့ နိုဝင်ဘာလအတွင်းက သတင်းစာရှင်းလင်းပွဲမှာ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးပါတီတခုရဲ့ ရပ်တည်ချက်ကို လက်နက်ကိုင်ဘက်ကလည်း အသိအမှတ် ပြုပေးသင့်တယ်လို့ ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။

“နိုင်ငံရေးပါတီတခုရဲ့ ရပ်တည်ချက်ကို လက်နက်ကိုင် တော်လှန်ရေးဘက်ကလည်း အသိအမှတ်ပြုရမယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ဂုဏ်သိက္ခာရှိရှိ အသိအမှတ်ပြုပေးဖို့လိုတယ်။”

ဦးကျော်ဇောဦးနဲ့ ဦးကျော်လွင်တို့ နှစ်ဦးလုံးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့လည်း မျေှာ်လင့်နေတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဦးကျော်ဇောဦးနဲ့ ဦးကျော်လွင်တို့ နှစ်ဦးလုံးမှာ ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ရာမှာ အဓိက ပါဝင်ခဲ့ကြတဲ့ ပါတီခေါင်းဆောင်တွေဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ဖူးကြတဲ့ ဝါရင့်နိုင်ငံရေးသမားတွေလည်း ဖြစ်ကြပါတယ်။

ရခိုင့်ဦးဆောင်ပါတီ (AFP) ဟာ လက်ရှိ စစ်ကောင်စီကကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြု ပြောကြားထားပါတယ်။

26 seconds Ago

October 14, 2022

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကျင်းပရန် ပြင်ဆင်နေ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ အောက်တိုဘာ ၁၆ ရက်နေ့ကစတင်မယ့် ကွန်မြူပါတီရဲ့ ငါးနှစ်တကြိမ် ညီလာခံကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိသမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရှေ့က ကွန်မြူနစ်ခေါင်းဆောင်တွေ မယူခဲ့ဘူးတဲ့ တတိယသက်တမ်းကို ယူဖို့ရှိနေပြီး သူဟာ တရုတ်ပြည်ရဲ့ ခေတ်သစ်သမိုင်းမှာ ခေါင်းဆောင်ကြီး မော်စီတုန်းပြီးရင် အာဏာအရှိဆုံးဖြစ်တဲ့ သူ့နေရာမှာ ဆက်ပြီး ထိန်းထားနိုင်ဖို့ သေချာသလောက်ရှိပါတယ်။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ရှီကျင့်ဖျင်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ပါတီရဲ့ အထွေထွေအတွင်းရေးမှူးနေရာကို ရယူချိန်ကစလို့ ပါတီတွင်းက ပြိုင်ဘက်တွေကို ရှင်းလင်းခဲ့သူအဖြစ် သိထားကြပါတယ်။

လာမယ့် ကွန်ဂရက်မှာလည်း သူကပဲ ပါတီထဲက အရေးကြီးတဲ့တာဝန်တွေ သူ့စိတ်ကြိုက် ခန့်ထားတာနဲ့ မူဝါဒပိုင်းတွေကို သူ့စိတ်ကြိုက် ချမှတ်ဖွယ်ရှိတယ်လို့ တရုတ်ရေးရာ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ကွန်မြူနစ်ပါတီတွင်းမှာ ပြိုင်ဘက်ကင်းတဲ့ သမ္မတ ရှီကျင့်ဖျင်ဟာ တတိယသက်တမ်းကို ရယူဖို့ အခက်အခဲ မရှိပေမဲ့လည်း တိုင်းပြည်စီးပွားရေးပြဿနာ၊ ကိုဗစ်ကပ်ဘေး၊ ထိုင်ဝမ်အရေး စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ရှီကျင့်ဖျင်ဟာ မော်စီတုန်းအလွန် နှစ်တွေမှာ အာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် သူ့အာဏာကို တည်ဆောက်ထားပြီး အခုလာမယ့် အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက်မှာ ရှီကျင့်ဖျင်အတွက် တတိယမြောက်သက်တမ်းနဲ့ ခေါင်းဆောင်မှုအသစ်ကို ပြန်လည်ရွေးချယ်မှာ ဖြစ်ပါတယ်။

3 months Ago
Up