တရုတ်စီးပွားရေး ပြန်လည်နာလန်ထူလာရေး ဆက်လက်ပံ့ပိုးဖို့နဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် တွန်းအားပေးဖို့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကို စီးပွားရေးလုပ်ငန်းဆိုင်ရာ တရုတ် ခေါင်းဆောင်များ အစည်းအဝေးမှာ အချက်ပြလိုက်ပြီလို့ တရုတ်စီးပွားရေး သုတေသီတဦးက မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။
တရုတ်မြို့တော် ပေကျင်းမှာ စနေနေ့က ကျင်းပတဲ့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အစည်းအဝေးမှာ ခုလို ပြောလိုက်တာပါ။
အကြီးစား မူဝါဒတွေ ကောင်းကောင်း အလုပ်လုပ်လာတဲ့အခါ ဝယ်လိုအားကျုံ့ခြင်း၊ ရောင်းလို အား လှုပ်ခတ်ခြင်းနဲ့ မျှော်မှန်းချက် အားနည်းခြင်းတို့ရဲ့ ဖိအား ၃ ဆ လျော့ပါးသွားတယ်လို့ အစည်းအဝေးက ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ်ရဲ့ ပထမသုံးလပတ်မှာ စျေးကွက်ဝယ်လိုအား တက်လာပြီး တနှစ်ထက်တနှစ် တိုးတက်မှုနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ကောင်းကောင်းမွန်မွန် စတင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ပြင်ပပတ်ဝန်းကျင်က မသေချာမှုတွေကြောင့် အကောင်းမြင်ဖို့ သတိထားရမှာ ဖြစ်ပေမယ့် စီးပွားရေး ပြန်ဦးမော့လာမယ့် အရှိန်အဟုန်ကို ပေကျင်း နိုင်ငံခြား လေ့လာရေး တက္ကသိုလ်က သုတေသီ ခို့ချန်းက ပြောဆိုခဲ့ပါတယ်။
လျှပ်စစ်ကား အမျိုးအစား အားလုံး စီးရေ တသန်းနီးပါးနဲ့ ကုန်ကြမ်းတွေကို နိုင်ငံခြားစျေးကွက်ဆီ ပို့ခဲ့ပြီးပြီဖြစ်လို့ ပြည်ပ တင်ပို့ကုန် ကဏ္ဍမှာ အရှိန်အဟုန် ကောင်းတာ တွေ့နိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ တရုတ်ခေါင်းဆောင်တွေဟာ ၂ နိုင်ငံ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် ကူညီရေး သဘောတူညီချက် နှစ်ပတ်လည်နေ့မှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ကတိပြုလိုက်ကြတယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က ဇူလိုင် ၁၁ရက်မှာ ကြေညာပါတယ်။
ရန်လိုတဲ့ နိုင်ငံခြားစစ်တပ်တွေကို ရင်ဆိုင်ရာမှာ သူတို့ရဲ့ ဆက်ဆံရေးက မရှိမဖြစ် အရေးပါတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြောပါတယ်။
သမ္မတ ရှီကတော့ ပူးပေါင်းဆောင်ရွက်ရေးကို အဆင့်အသစ်ထိ တိုးမြှင့်ဖို့ ကတိပြုခဲ့တယ်လို့ KCNA က ပြောပါတယ်။
၁၉၆၁မှာ ချစ်ကြည်ရေး သဘောတူညီချက် လက်မှတ်ထိုးပြီးတည်းက တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အကြီးစားမိတ်ဖက်နိုင်ငံဖြစ်လာပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ပဲ့ထိန်း ဒုံးကျည် အစီအစဉ်တွေကို နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်အပြီး မြောက်ကိုရီးယားဟာ ကုန်သွယ်ရေးနဲ့ တခြား အထောက်အပံ့တွေ အတွက် တရုတ်ကို ပိုပြီး မှီခို လာခဲ့ရပါတယ်။