ထိုင်းနိုင်ငံ၊ ဘန်ကောက် ဒင်ဒဲန်နယ်မြေထဲမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁ ဦးနဲ့ ထိုင်းဘာသာပြန် ၁ ဦးတို့ကို ကားပေါ်အတင်းဆွဲတင်ပြီး ဘတ် ၁၀ သန်း ငွေညှစ်ယူခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်း လ.ဝ.က ရဲအရာရှိ ၄ ဦးအနက် ၃ ဦးကို ဖမ်းမိပြီလို့ သိရပါတယ်။
အဖမ်းခံထားရသူ ၃ ဦးမှာ ဘန်ကောက် အမှတ် ၁ နယ်မြေ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ရဲမှူး ဆွန်ဝစ် အင်ထလပ်၊ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့မှ ရဲအုပ် ဆုရိယ လုတ်ခချတ် နဲ့ ရဲတပ်ကြပ်ကြီး ဖိရဆဒ် ယိမ့်ဖိုင်းဘွန်းတို့ဖြစ်ပြီး အမှတ် ၁ လ.ဝ.က ရဲတပ်ဖွဲ့မှ ရဲမှူး ကျီရဖတ် ဘွန်းနမ်းကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
အဆိုပါ ၃ ဦးကို အမှတ် ၁ လ.ဝ.က ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးပြီး မတ် ၂၁ ရက်ည ၁၁ နာရီခွဲလောက်မှာ ဒင်ဒဲန်နယ်မြေရဲတပ်ဖွဲ့ကို လာရောက်အပ်နှံပေးတာ ဖြစ်ပါတယ်။ သူတို့ ၃ ယောက်လုံးကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ရဲမှူးလည်း မကြာခင် လာရောက်အဖမ်းခံလိမ့်မယ်လို့ ယုံကြည်ကြောင်း ဒုရဲချုပ်က ပြောပါတယ်။
မတ် ၁၀ ရက် မနက် ၁၀ နာရီကျော် ဒင်ဒဲန်နယ်မြေလမ်းကြားတခုမှာ အခင်းဖြစ်ခဲ့တာပါ။ နိုင်းချီ ခေါ် နိုင်းလုံဆိုသူ တရုတ်အမျိုးသား ၁ ဦးဟာ ဗီဇာ Over Stay ဖြစ်နေတဲ့အပြင် ထိုင်းမှတ်ပုံတင်အတုပါ ကိုင်ဆောင်ပြီး စီးပွားရေးလုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရတဲ့အတွက် လ.ဝ.ကရဲတပ်ဖွဲ့ဝင်တွေက သူ့နောက် လိုက်လံဖမ်းဆီးခဲ့ရာ သူနဲ့အတူ နားမီး ဆိုသူ တရုတ်ဘာသာပြန် ထိုင်းအမျိုးသမီး ၁ ဦးပါ အဖမ်းခံခဲ့ရပါတယ်။
အဆိုပါရဲတွေက အမေရိကန်ဒေါ်လာ ၆ သိန်း (ထိုင်းဘတ် သန်း ၂၀ ) ပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောကြောင်း၊ နိုင်းချီဘက်က ဒေါ်လာ ၃ သိန်း (ထိုင်းဘတ် ၁၀ သန်း) နဲ့ ဈေးဆစ်ခဲ့ပြီး နိုင်းချီရဲ့ သားဖြစ်သူက အဆိုပါငွေတွေ လွှဲပေးပြီးတာနဲ့ သူတို့နှစ်ယောက်ကို ကျဲန့်ဝပ်ထနလမ်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
နိုင်းချီဖြစ်သူက တရုတ်ပြည် ပြန်သွားပေမယ့် ဘာသာပြန်သူက သူ့ရဲ့လုံခြုံရေးကို စိုးရိမ်လို့ ငွေလွှဲပေးခဲ့ရတဲ့ အထောက်အထားတွေနဲ့အတူ ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က သက်သေတွေကို စုံစမ်းစစ်ဆေးပြီးတာနဲ့ တရားရုံးမှာ ဖမ်းဝရမ်းထုတ်ခွင့် တောင်းလိုက်ပါတယ်။
မနေ့ညက ဒုရဲချုပ်ကနေပြီး အဆိုပါ ရဲ ၃ ယောက်ကို တညလုံး စစ်ကြောရေးလုပ်ရာမှာ ဖွင့်ဟဝန်ခံခြင်းမရှိသေးကြောင်း၊ ဒါပေမဲ့ အထောက်အထားခိုင်လုံတာကြောင့် ဝန်ထမ်း ကျင့်ဝတ် ဆိုးရွားစွာ ချိုးဖောက်မှုနဲ့ ရာထူးကနေဖြုတ်ပြီး ရဲတပ်ဖွဲ့ထဲက ထုတ်ပယ်ထားတယ်လို့ ဒုရဲ ချုပ်က ပြောပါတယ်။
ဒါ့အပြင် ဒင်ဒဲန်ရဲစခန်းကနေ သူတို့ ၄ ဦးကို တပါးသူအား ခြိမ်းခြောက်မှု၊ ချုပ်နှောင်မှု၊ ပြည်သူ့ဝန်ထမ်းဖြစ်ပြီး ပြည်သူပေါ် ငွေညှစ်မှုတွေနဲ့ပါ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ရဲဝန်ထမ်းတွေဆိုပေမယ့်လည်း ဥပဒေချိုးဖောက်တာကြောင့် ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ ထိရောက်စွာ အပြစ်ပေးတာခံရမှာဖြစ်ကြောင်း၊ တရုတ်စီးပွားရေးသမား နိုင်းချီကိုလည်း ထိုင်း လ.ဝ.က ဥပဒေချိုးဖောက်မှုအပြင် ဝန်ထမ်းတွေကို လာဘ်ထိုးမှုနဲ့ အရေးယူရမယ်လို့ ဒုရဲချုပ်က ပြောသွားပါတယ်။
ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ အရပ်သား ၁ ဦးတို့ပါဝင်ပြီး လောလောဆယ် အဓိကကျသူ ၄ ဦးကို ဖမ်းဝရမ်းထုတ်ကာ ကျန်သူတွေလည်း ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ထိုင်း လ.ဝ.က ရဲနဲ့ DSI အထူးစုံစမ်းစစ်ဆေးရေးရဲ တပ်ဖွဲ့ဝင်တွေပါတဲ့ အဖွဲ့တဖွဲ့ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်အိမ် ၁ အိမ်ကို သွားရောက်စီးနင်းပြီး ဘတ်ငွေ ၉ သန်းကျော် ယူခဲ့တဲ့အမှု ဖြစ်ခဲ့ပါသေးတယ်။ အဆိုပါအမှုမှာ ထိုင်းရဲ DSI နဲ့ 191 အရေးပေါ်လိုင်းရဲတို့ စုစုပေါင်း ၁၆ ဦး အရေးယူ အပြစ်ပေးခံခဲ့ရပါတယ်။
ကိုးကား - The Nation / 3PLUS News
ထိုင်းနိုင်ငံမှာ ဥပဒေနဲ့မညီတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် နှိမ်နင်းရေး ဆောင်ရွက်နေရာမှာ ထိုင်းမှတ်ပုံတင်အတုနဲ့ ပညာရေးကုမ္ပဏီဖွင့်ထားတဲ့ မြန်မာအမျိုးသမီး ၁ ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဆိုပါအမျိုးသမီးမှာ မြန်မာပြည်က တရုတ်လူမျိုးဖြစ်ပြီး အမည်ရင်းမှာ နဲန်းမန်း ဖြစ်ကြောင်း၊ သူမဟာ ဖနိဒါဆိုတဲ့ အမည်နဲ့ ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ပြီး လွန်ခဲ့တဲ့ ၈ နှစ်က ဘန်ကောက် ဘန်ရုန်ရတ်ဆေးရုံကြီးမှာ ကလေးမွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကလေးဖခင် မပါတဲ့အပြင် သူမအနေနဲ့လည်း ထိုင်းစကားမတတ်ဘူးလို့ ဆေးရုံ အချက်အလက်အရ သိရတယ်လို့ ထိုင်းအမျိုးသားဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက ပြောပါတယ်။
ဆက်လက်စုံစမ်းချက်အရ သူမကိုင်ဆောင်ထားတဲ့ ထိုင်းမှတ်ပုံတင်ပိုင်ရှင်အစစ်မှာ ဖနိဒါဆိုသူ မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့သူဖြစ်ပြီး မွေးစာရင်းသာရှိကာ တခါမှ မှတ်ပုံတင် မရိုက်ရသေးကြောင်း၊ တာဝန်ရှိသူတွေက နဲန်းမန်းရဲ့ဓာတ်ပုံကို မိခင်ဖြစ်သူအား ပြသရာ မိခင်က သူမကို မသိသလို တခါမှလည်း မမြင်ဖူးဘူးလို့ ပြောပါတယ်။
ဒါကြောင့် တာဝန်ရှိသူတွေက နဲန်းမန်းအား ထိုင်းမှတ်ပုံတင်ထုတ်ပေးသူ ဆာကယောက်ခရိုင် ခုတ်ဆုန်မြို့နယ် အုပ်ချုပ်ရေးရုံး မှတ်ပုံတင်အရာရှိကို စစ်ဆေးအရေးယူဖို့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဖနိဒါအမည်ခံ နဲန်းမန်းမှာ TC Education Co.Ltd ဆိုတဲ့ ပညာရေးဆိုင်ရာ ကုမ္ပဏီဖွင့်ထားပြီး ထိုင်းမှာကျောင်းလာတက်လိုသူ နိုင်ငံခြားသားတွေအတွက် တက္ကသိုလ် ရှာဖွေ ဆက်သွယ်ပေးတာ၊ ထိုင်းမှာ ကြာကြာနေရဖို့ ကျောင်းသားဗီဇာ ထုတ်ပေးတာတွေ ဝန်ဆောင်ပေးနေကြောင်း၊ လူမှုကွန်ရက်နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကျယ်ပြန့်စွာ ကြေညာထားတယ်လို့ ဆိုပါတယ်။
သူတို့ကုမ္ပဏီကနေ အများဆုံးဆက်သွယ်ပေးတာတော့ တရုတ်နိုင်ငံသားတွေဖြစ်ကြောင်း၊ ထိုင်းနိုင်ငံထဲမှာလည်း တရုတ်အမျိုးသားအသင်းနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
သူမဟာ အဆိုပါမှတ်ပုံတင်တုနဲ့ ထိုင်းနိုင်ငံကူးလက်မှတ်လုပ်ပြီး နိုင်ငံခြား ထွက်သွားတာတွေလည်း ရှိတာကြောင့် သေချာစစ်ဆေးမှုမရှိတဲ့ ထိုင်းလဝကရဲတွေလည်း စစ်ဆေးအရေးယူခံရမယ်လို့ ဒုရဲချုပ်က ပြောပါတယ်။
တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက ဘန်ကောက် ဆာထွဏ်းနယ်မြေ ယန်နာဝါ ရပ်ကွက် ဆာထွဏ်းလမ်း ထိုင်း-မြန်မာ ကုန်သွယ်ရေးအသင်းပိုင် အဆောက်အဦမှာ ဖွင့်လှစ်ထားတဲ့ သူတို့ရုံးခန်းကို ဝင်ရောက်စီးနင်းရှာဖွေပြီး သူမကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ သူမဟာ အဆိုပါကုမ္ပဏီတည်ထောင်သူ၊ မန်နေဂျာလို့ သူ့ကိုယ်သူ မိတ်ဆက်ထားပေမဲ့ ကုမ္ပဏီတည်ထောင်သူများ စာရင်းထဲမှာတော့ သူမအမည်မပါဘဲ ကုမ္ပဏီမှာ အိမ်အလုပ်လုပ်ဖို့ ငှားထားတဲ့ ထိုင်းအမျိုးသမီး ၂ ဦးရဲ့ အမည်ကို ထည့်သွင်း ဖော်ပြထားပါတယ်။
အဆိုပါ ထိုင်းအမျိုးသမီး ၂ ဦးကတော့ သူတို့နာမည်နဲ့ မှတ်ပုံတင်တွေ အသုံးပြုထားတာကို မသိရဘူးလို့ ငြင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲတဲ့လက ကေတီဗွီဇုန်တခုကနေ တရုတ်နိုင်ငံသား ၂၀၀ ကျော်နဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တဲ့နောက် ဥပဒေမဲ့လုပ်ငန်းလုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို စစ်ဆေးဖမ်းဆီးမှုရှိနေပြီး ထိုင်းမှတ်ပုံတင်တု ကိုင်ဆောင်တာ၊ ဗီဇာတု ကိုင်ဆောင်တာတွေပါ မီးခိုးကြွက်လျှောက် လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။