close

တရုတ်စီးပွားရေးလုပ်ငန်းရှင်အား ဘတ် ၁၀ သန်းငွေညှစ်ခဲ့သည့် ထိုင်းအရာရှိ ၃ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက် ဒင်ဒဲန်နယ်မြေထဲမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁ ဦးနဲ့ ထိုင်းဘာသာပြန် ၁ ဦးတို့ကို ကားပေါ်အတင်းဆွဲတင်ပြီး ဘတ် ၁၀ သန်း ငွေညှစ်ယူခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်း လ.ဝ.က ရဲအရာရှိ ၄ ဦးအနက် ၃ ဦးကို ဖမ်းမိပြီလို့ သိရပါတယ်။ 

အဖမ်းခံထားရသူ ၃ ဦးမှာ ဘန်ကောက် အမှတ် ၁ နယ်မြေ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ရဲမှူး ဆွန်ဝစ် အင်ထလပ်၊ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့မှ ရဲအုပ် ဆုရိယ လုတ်ခချတ် နဲ့ ရဲတပ်ကြပ်ကြီး ဖိရဆဒ် ယိမ့်ဖိုင်းဘွန်းတို့ဖြစ်ပြီး အမှတ် ၁  လ.ဝ.က ရဲတပ်ဖွဲ့မှ ရဲမှူး ကျီရဖတ် ဘွန်းနမ်းကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ 

အဆိုပါ ၃ ဦးကို အမှတ် ၁ လ.ဝ.က ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးပြီး မတ် ၂၁ ရက်ည ၁၁ နာရီခွဲလောက်မှာ ဒင်ဒဲန်နယ်မြေရဲတပ်ဖွဲ့ကို လာရောက်အပ်နှံပေးတာ ဖြစ်ပါတယ်။ သူတို့ ၃ ယောက်လုံးကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ရဲမှူးလည်း မကြာခင် လာရောက်အဖမ်းခံလိမ့်မယ်လို့ ယုံကြည်ကြောင်း ဒုရဲချုပ်က ပြောပါတယ်။ 

မတ် ၁၀ ရက် မနက် ၁၀ နာရီကျော် ဒင်ဒဲန်နယ်မြေလမ်းကြားတခုမှာ အခင်းဖြစ်ခဲ့တာပါ။  နိုင်းချီ ခေါ် နိုင်းလုံဆိုသူ တရုတ်အမျိုးသား ၁ ဦးဟာ ဗီဇာ Over Stay ဖြစ်နေတဲ့အပြင် ထိုင်းမှတ်ပုံတင်အတုပါ ကိုင်ဆောင်ပြီး စီးပွားရေးလုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရတဲ့အတွက် လ.ဝ.ကရဲတပ်ဖွဲ့ဝင်တွေက သူ့နောက် လိုက်လံဖမ်းဆီးခဲ့ရာ သူနဲ့အတူ နားမီး ဆိုသူ တရုတ်ဘာသာပြန် ထိုင်းအမျိုးသမီး ၁ ဦးပါ အဖမ်းခံခဲ့ရပါတယ်။ 

အဆိုပါရဲတွေက အမေရိကန်ဒေါ်လာ ၆ သိန်း (ထိုင်းဘတ် သန်း ၂၀ ) ပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောကြောင်း၊ နိုင်းချီဘက်က ဒေါ်လာ ၃ သိန်း (ထိုင်းဘတ် ၁၀ သန်း) နဲ့ ဈေးဆစ်ခဲ့ပြီး နိုင်းချီရဲ့ သားဖြစ်သူက အဆိုပါငွေတွေ လွှဲပေးပြီးတာနဲ့ သူတို့နှစ်ယောက်ကို ကျဲန့်ဝပ်ထနလမ်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုင်းချီဖြစ်သူက တရုတ်ပြည် ပြန်သွားပေမယ့် ဘာသာပြန်သူက သူ့ရဲ့လုံခြုံရေးကို စိုးရိမ်လို့  ငွေလွှဲပေးခဲ့ရတဲ့ အထောက်အထားတွေနဲ့အတူ ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က သက်သေတွေကို စုံစမ်းစစ်ဆေးပြီးတာနဲ့ တရားရုံးမှာ ဖမ်းဝရမ်းထုတ်ခွင့် တောင်းလိုက်ပါတယ်။ 

မနေ့ညက ဒုရဲချုပ်ကနေပြီး အဆိုပါ ရဲ ၃ ယောက်ကို တညလုံး စစ်ကြောရေးလုပ်ရာမှာ ဖွင့်ဟဝန်ခံခြင်းမရှိသေးကြောင်း၊ ဒါပေမဲ့ အထောက်အထားခိုင်လုံတာကြောင့် ဝန်ထမ်း ကျင့်ဝတ် ဆိုးရွားစွာ ချိုးဖောက်မှုနဲ့ ရာထူးကနေဖြုတ်ပြီး ရဲတပ်ဖွဲ့ထဲက ထုတ်ပယ်ထားတယ်လို့  ဒုရဲ ချုပ်က ပြောပါတယ်။ 

ဒါ့အပြင် ဒင်ဒဲန်ရဲစခန်းကနေ သူတို့ ၄ ဦးကို တပါးသူအား ခြိမ်းခြောက်မှု၊ ချုပ်နှောင်မှု၊ ပြည်သူ့ဝန်ထမ်းဖြစ်ပြီး ပြည်သူပေါ် ငွေညှစ်မှုတွေနဲ့ပါ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ ရဲဝန်ထမ်းတွေဆိုပေမယ့်လည်း ဥပဒေချိုးဖောက်တာကြောင့် ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ ထိရောက်စွာ အပြစ်ပေးတာခံရမှာဖြစ်ကြောင်း၊ တရုတ်စီးပွားရေးသမား နိုင်းချီကိုလည်း ထိုင်း လ.ဝ.က ဥပဒေချိုးဖောက်မှုအပြင် ဝန်ထမ်းတွေကို လာဘ်ထိုးမှုနဲ့ အရေးယူရမယ်လို့  ဒုရဲချုပ်က ပြောသွားပါတယ်။ 

ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ အရပ်သား ၁ ဦးတို့ပါဝင်ပြီး လောလောဆယ် အဓိကကျသူ ၄ ဦးကို ဖမ်းဝရမ်းထုတ်ကာ ကျန်သူတွေလည်း ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ထိုင်း လ.ဝ.က ရဲနဲ့ DSI အထူးစုံစမ်းစစ်ဆေးရေးရဲ တပ်ဖွဲ့ဝင်တွေပါတဲ့ အဖွဲ့တဖွဲ့ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်အိမ် ၁ အိမ်ကို သွားရောက်စီးနင်းပြီး ဘတ်ငွေ ၉ သန်းကျော် ယူခဲ့တဲ့အမှု ဖြစ်ခဲ့ပါသေးတယ်။ အဆိုပါအမှုမှာ ထိုင်းရဲ  DSI နဲ့  191 အရေးပေါ်လိုင်းရဲတို့ စုစုပေါင်း ၁၆ ဦး အရေးယူ အပြစ်ပေးခံခဲ့ရပါတယ်။ 

ကိုးကား - The Nation / 3PLUS  News

Up