close

တရုတ်စီးပွားရေးသမား

close

January 13, 2023

တရားမဝင် တရုတ်စီးပွားရေးသမားများနှင့် ဆက်နွှယ်သည့် ထိုင်းရဲအရာရှိ ၆ ဦး အလုပ်ဖြုတ်ခံရ

ထိုင်းနိုင်ငံထဲမှာ တရားမဝင်လုပ်ငန်း ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား စီးပွားရေးသမားတွေနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ ရဲအရာရှိ ဝန်ထမ်း ၆ ဦးကို ရာထူးက ဖြုတ်ချလိုက်တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၆ ဦးထဲမှာ ကျင့်လိန်ကေတီဗွီပိုင်ရှင် ‘တုဟောင်’ နဲ့ တရားဝင် လက်ထပ်ထားတဲ့ အမျိုးသမီးရဲမှူးကြီး ဝပ်ထနာရီ ကွဏ်းချယားနန်း၊ အမှတ် ၆ တိုင်းဒေသရဲဌာနချုပ် ဒုရဲမှူးချုပ် နာ့ဿ်ဖုန်း ကိုးမင်းချတ်၊ ဘန်ကောက် လတ်ဖရော့ဝ်နယ်မြေ ရဲတပ်ဖွဲ့မှ အထူးစုံစမ်းစစ်ဆေးရေး ရဲအရာရှိ ၁ ဦး၊ ယာဉ်ထိန်းရဲ ၁ ဦး၊ ယန်နာဝါနယ်မြေ ရဲတပ်ဖွဲ့မှ ရဲအရာရှိ ၂ ဦးတို့ ပါဝင်ပါတယ်။

သူတို့ကို အစိုးရဝန်ထမ်းများ ကျင့်ဝတ်ပျက်ပြားမှုဆိုင်ရာ ကော်မတီရဲ့ စုံစမ်းစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထား ခိုင်လုံတဲ့အတွက် ဇန်နဝါရီ ၉ ရက် နေ့စွဲနဲ့ စာထုတ်ပြီး တာဝန်ဝတ္တရား ရပ်စဲလိုက်တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် ဒမ်းရုန်းဆဒ်ကစ် သီပဖတ်က ပြောပါတယ်။

နောက်ဆက်တွဲ အရေးယူမှုတွေနဲ့ ပတ်သက်လို့တော့ တရားရုံးမှာ သွားရောက်ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘန်ကောက် ယန်နာဝါနယ်မြေရှိ ကျင့်လိန်ကေတီဗွီဇုန်ကို တာဝန်ရှိသူတွေ ဝင်ရောက်စီးနင်းရာမှာ မူးယစ်ဆေးဝါးသုံးစွဲ ပျော်ပါးနေတဲ့ တရုတ်နိုင်ငံသား ၂၀၀ နီးပါး တွေ့ရှိပြီး အမှုမပြီးပြတ်ခင် အရေးကြီးသက်သေ လူနဲ့ မော်တော်ကားတွေ ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ တရားမဝင်လုပ်ငန်း လုပ်ကိုင်နိုင်အောင် ပံ့ပိုးကူညီတာ၊ တာဝန်ဝတ္တရား လစ်ဟင်းတာ၊ တံစိုးလက်ဆောင် ရယူတာတွေနဲ့ ပတ်သက်ပြီး အဆိုပါရဲအရာရှိ ၆ ဦး ရာထူးတာဝန်မှ ဖြုတ်ချခံရတာ ဖြစ်ပါတယ်။

အဓိကတရားခံ ကျင့်လိန်ကေတီဗွီပိုင်ရှင် နိုင်းချိုင်းယနတ် ကွဏ်းချယားနန်းခေါ် တုဟောင်ကတော့ ဒီမတိုင်ခင်ကတည်းက အဖမ်းခံထားရပြီး ငွေကြေးခဝါချမှုနဲ့ တရားစွဲထားကြောင်း၊ သူ့ရဲ့ဇနီး ရဲမှူးကြီး ဝပ်ထနာရီ ကွဏ်းချယားနန်းမှာ တာဝန်ဝတ္တရား အလွဲသုံးစားမှုအပြင် ငွေကြေးခဝါချမှုနဲ့ပါ အရေးယူခံရမယ်လို့ ဆိုပါတယ်။ သူဟာ လောလောဆယ် အာမခံငွေ ဘတ် ၂ သန်းနဲ့ အပြင်မှာရောက်နေပြီး နိုင်ငံခြားထွက်ပြေးမယ့်ပုံ တွေ့ရင် အာမခံရုပ်သိမ်းမယ်လို့ ဆိုပါတယ်။

တုဟောင်တို့ ဇနီးမောင်နှံရဲ့ တရားမဝင် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရားခံ စုစုပေါင်း ၃၇ ဦးရှိပြီး ၁၉ ဦးသာ ဖမ်းဆီးရမိကာ ၁၈ ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်သူကတော့ အယောက် ၇၀ ရှိတယ်လို့ ရဲချုပ်က ပြောသွားပါတယ်။

ဒီကိစ္စကို စုံစမ်းဖော်ထုတ်သူ ထိုင်းလွှတ်တော်အမတ်ဟောင်း ချူဝစ် ကမွန်ဝိဆစ်ကလည်း သူဟာ ပြည်သူတဦးအနေနဲ့ ဝန်ကြီးချုပ်နဲ့တွေ့ရဖို့ အကြိမ်ကြိမ်ကြိုးစားရာမှာ ပြီးခဲ့တဲ့ ၃ ရက်က တွေ့ဆုံခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်း တုဟောင်အမှုနဲ့ပတ်သက်တဲ့ အမှုတွေမှာ အရေးယူ အပြစ်ပေးတာတွေ မြန်ဆန်လာကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ ခုလို လျှင်မြန်ပြတ်သားစွာ အရေးယူခြင်းအားဖြင့် ပြည်သူတွေရဲ့ ယုံကြည်မှုကို ပိုမိုရရှိကာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ သိက္ခာ ပိုပြီးခိုင်မာစေတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

8 mins Ago

November 25, 2022

ထိုင်းရဲနှင့်နီးစပ်သည့် တရုတ်စီးပွားရေးသမား ၁ ဦးကို ဥပဒေမဲ့လုပ်ငန်းများလုပ်ကိုင်မှုဖြင့် ဖမ်းဆီး

ထိုင်းရဲအရာရှိတွေနဲ့ နီးစပ်ပတ်သက်နေတဲ့ သန်းကြွယ်သူဌေး တရုတ်စီးပွားရေးသမား ၁ ယောက်ကို ဥပဒေပြင်ပလုပ်ငန်းတွေ လုပ်ကိုင်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ယန်နာဝါနယ်မြေရှိ “ကျင့်လိန်” ကေတီဗွီနဲ့ နိုက်ကလပ်မှာ ပြီးခဲ့တဲ့ လက တရုတ်နိုင်ငံသား ၂၆၀ ကျော်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့နောက်ပိုင်း ထိုင်းရဲတပ်ဖွဲ့က ကေတီဗွီပိုင်ရှင်အစစ်ကို စုံစမ်းရှာဖွေပြီး တရုတ်နိုင်ငံသား တုဟောင် ဆိုသူကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

“တုဟောင်” ဟာ ကျင့်လိန်ကေတီဗွီပိုင်ရှင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားပြီး သူ့ကိုဖမ်းဆီးစစ်ဆေးဖို့ဆောင်ရွက်နေစဉ်မှာဘဲ ကာယကံရှင်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက တပည့်တပန်းတွေနဲ့အတူ ဘန်ကောက်ဝိဖားဝဒီရန်းဆစ်ရဲစခန်းမှာ လာရောက်သတင်း ပို့ခဲ့ပါတယ်။

အသင့်စောင့်နေတဲ့သတင်းထောက်တွေက ရဲတပ်ဖွဲ့ကစွဲချက်တင်ထားတဲ့အတိုင်း မူးယစ်ဆေးနဲ့ ပတ်သက်ပါသလား၊ ငွေကြေးခဝါချပါသလားလို့ မေးမြန်းရာမှာတော့ သူက မဟုတ်မှန် ကြောင်းငြင်းဆိုထားပါတယ်။ 

ဝိဖာဝဒီရဲစခန်းကသူ့ကို စစ်ဆေးပြီး ညနေ ၃ နာရီလောက်မှာ ယန်နာဝါနယ်မြေရဲတပ်ဖွဲ့ကို ပို့ပေးလိုက်ပြီး အဆိုပါရဲစခန်းကလည်း အချုပ်ခန်းထဲထည့်လိုက်ကာ အာမခံခွင့်လည်းမရတော့ ပါဘူး။

တုဟောင် ဟာ မူလတရုတ်နိုင်ငံသားဖြစ်ပေမဲ့ နိုင်းချိုင်းယားနတ် ကွန်းချယန်းနန်းဆိုတဲ့ နာမည်နဲ့ ထိုင်းမှတ်ပုံတင်ကိုင်ဆောင်ထားပြီး သူ့ဇနီးဟာလည်း  ရဲမှူးကြီးအဆင့်ရှိ အမျိုးသမီး ရဲအရာရှိဖြစ်ကာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ဟောင်းရဲ့ တူမလည်းဖြစ်ပါတယ်။ 

သူတို့မှာ ကေတီဗွီဆိုင်အပြင် အိပ်ခန်းပေါင်း ၄၀၀ နီးပါးရှိ ဟိုတယ်၊ ကွန်ဒိုတိုက်ခန်းနဲ့  မြေကွက်တွေပါ ပိုင်ဆိုင်ကာ စုစုပေါင်းတန်ဖိုး ဘတ်သန်းပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက ပြောပါတယ်။

ဒီမတိုင်ခင်ရှေ့က ဘန်ကောက် ဖရလမ်း ၅ နယ်မြေရှိ ဘတ်သန်း ၂၀၀ ကျော်တန် သူ့ရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးရှာဖွေရာမှာ ဥပဒေမဲ့ပစ္စည်းတစုံတရာမရှိဘဲ တုဟောင်ကိုလည်း မတွေ့ရကြောင်း၊ သူ့ဇနီးရဲအရာရှိကိုသာတွေ့ရှိပြီး ဇနီးကတော့ ခင်ပွန်းဖြစ်သူကို ရဲစခန်း သွားခိုင်းလိုက်မယ်လို့ ပြောဆိုခဲ့ကာ တုဟောင် ရဲစခန်းလာတာနဲ့ တန်းပြီးအဖမ်းခံ လိုက်ရတာ ဖြစ်ပါတယ်။

သူတို့လင်မယားကတော့ မူးယစ်ဆေးဝါးဆက်နွှယ်မှုမရှိ၊ ငွေကြေးခဝါချမှုမရှိ ဥပဒေမဲ့ အလုပ်မလုပ်ဘူးလို့   ငြင်းဆိုထားကြောင်း၊ ဒါပေမဲ့ ရဲတပ်ဖွဲ့မှာ သက်သေတွေရှိပြီး အစိုးရ ဝန်ထမ်းအရာရှိတယောက်အနေနဲ့ ဘတ်သန်းပေါင်း ၁၀၀၀ ကျော် ချမ်းသာကြွယ်ဝ လာရတဲ့ အကြောင်းကို စစ်ဆေးရမှာဖြစ်ကြောင်း၊ ငွေရလာတဲ့လမ်းကြောင်းကို မပြနိုင်ရင်တော့ ကျောသားရင်သားမခွဲခြား ဥပဒေအရအရေးယူအပြစ်ပေးမယ်လို့ ဒုရဲချုပ် ဆူရချေ့က ပြောပါ တယ်။

သူတို့လင်မယားဟာ လက်ရှိအာဏာရ Palang Pracharath ပါတီကို ဘတ်ငွေ ၃ သန်း လှူဒါန်းထားခဲ့တဲ့ အထောက်အထားတွေ့ရှိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့လက ကျင့်လိန်ကေတီဗွီကို ဝင်ရောက်စီးနင်းချိန်မှာ တုဟောင်က နောက်ဖေး ပေါက်ကနေ ရှောင်ထွက်သွားပြီး  ဝမ်ကျင့်နန် ဆိုသူ အသက် ၂၁ နှစ်သာရှိသေးတဲ့ သူ့ရဲ့တူတော်စပ်သူက တာဝန်ခံအဖြစ် အဖမ်းခံခဲ့ပါတယ်။

ဒါပေမဲ့ ဝမ်ကျင့်နန်ဟာ ရက်ပိုင်းသားအဖမ်းခံခဲ့ရပြီး နောက်ပိုင်း ယန်နာဝါနယ်မြေ ရဲတပ်ဖွဲ့က သူ့ကိုလွှတ်ပေးလိုက်ကြောင်း ၊ ဒါ့အပြင် ကေတီဗွီမှာ သိမ်းဆည်းထားတဲ့ နောက်ဆုံး ပေါ် ကား ၄ စီးကိုလည်း ပြန်ပေးခဲ့ပါတယ်။

အမှုမပြီးပြတ်ခင် အရေးကြီးတရားခံနဲ့ သက်သေတွေ ပြန်လွှတ်လိုက်တဲ့အပေါ် ယန်နာဝါ ရဲစခန်းက တာဝန်ကျရဲဝန်ထမ်း ၃ ဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ ဒါ့အပြင် အမှတ် ၆ ခရိုင် ရဲတပ်ဖွဲ့ ဒုရဲချုပ် နာ့သ်ဖုန်း ကိုးမင်းထနချတ်ကိုလည်း ရဲချုပ်ရုံးမှာလာရောက်ထုချေဖို့ ဆင့်ခေါ် ထားပါတယ်။ 

တရုတ်စီးပွါးရေးလုပ်ငန်းရှင်တွေအကြောင်း စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်နေသူ ဘန် ကောက်မြို့တော်ဝန်အဖြစ် ဝင်ရောက်အရွေးခံခဲ့ဖူးသူ ခွန်ချူဝစ်ကတော့ ဝမ်ကျင့်နန် လွတ်မြောက်ဖို့အတွက် ယန်နာဝါရဲစခန်းကို ဘတ်သန်းနဲ့ချီပေးခဲ့ရကြောင်း၊ ဝမ်ကျင့်နန်ဟာ ထိုင်းနိုင်ငံကနေထွက်ခွါသွားခဲ့ပြီး စင်ကာပူရောက်နေပြီဖြစ်ကြောင်း၊  ကား ၄ စီးပြန်ပေးဖို့ ၁ စီးကို ဘတ် ၂ သန်းနဲ့ ရဲကို ညှိနှိုင်းခဲ့ကြောင်း၊ သက်သေအထောက်အထားတွေလည်း ရဲချုပ်လက်အပ် လိုက်ပြီလို့ ပြောပါတယ်။

အဆိုပါ “ကျင့်လိန်” ကေတီဗွီမှာ ပြီးခဲ့တဲ့နှစ်က တရုတ်မိန်းကလေး တယောက် မူးယစ်ဆေးထိုးစဉ် ရှော့တ်ဖြစ်ပြီးသေဆုံးခဲ့တဲ့အမှု ၊ ဖူးကစ်မှာ တုဟောင်ပိုင်ဆိုင်သော ဟိုတယ်နဲ့ပြိုင်ဘက် ဟိုတယ်ဝန်ထမ်းအကြမ်းဖက်ခံရတဲ့ အမှုဟောင်းတွေလည်း ရဲမှတ်တမ်းရှိတယ်လို့ ခွန်ချူဝစ်က ပြောပါတယ်။

ကျင်းလိန်ကေတီဗွီကိစ္စဖြစ်ပြီးနောက် မကြာခင်ပတ္တယားကမ်းခြေ ကေတီဗွီဆိုင်တစ်ခုမှာ လည်းရဲနဲ့ ကေတီဗွီဆိုင်ရှင် ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ပြီး အရေးယူရာမှာ ဆိုင်ရှင်မှာ ထိုင်းမှတ်ပုံအတု ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားဖြစ်နေပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၂၀ ခရိုင်ရှိ သံသယရှိနေရာ ၇၅ နေရာကို တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ ထိုင်းနိုင်ငံမှာ ကေတီဗွီ ၊ ကာရာအိုကေ ၊ နိုက်ကလပ်တွေလာဖွင့်ပြီး ကော်လ်စင်တာ၊ မူးယစ်ဆေး၊ လူကုန်ကူးမှု စတဲ့တရားမဝင်အလုပ်တွေနဲ့ ပတ်သက်နေတဲ့  တရုတ်စီးပွါးရေးလုပ်ငန်းရှင် အဓိကခေါင်းဆောင် ၅ ဦးရှိတယ်လို့ ဆိုပါတယ်။

ဒီ ၅ ဦးလုံးဟာ ချိတ်ဆက်မှုရှိပြီး အဲဒီထဲက တုဟောင်၊ ဒေးဗစ်နဲ့ ယူချန်ဖွေတို့ကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း၊ တိုနီဆိုသူမှာ ထိုင်းနိုင်ငံထဲမှာထွက်ပြေးလွတ်မြောက်နေကာ နိုင်းမိင်ကတော့ ပြည်ပကိုထွက်သွားလို့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့  ဒုရဲချုပ် ဆူရချေ့က ပြောပါတယ်။ 

ကိုးကား -  PPTV / Ch 3 / the Nation / Thairath

2 months Ago
Up