တရားမဝင် တရုတ်စီးပွားရေးသမားများနှင့် ဆက်နွှယ်သည့် ထိုင်းရဲအရာရှိ ၆ ဦး အလုပ်ဖြုတ်ခံရ

ထိုင်းနိုင်ငံထဲမှာ တရားမဝင်လုပ်ငန်း ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား စီးပွားရေးသမားတွေနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ ရဲအရာရှိ ဝန်ထမ်း ၆ ဦးကို ရာထူးက ဖြုတ်ချလိုက်တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် ၆ ဦးထဲမှာ ကျင့်လိန်ကေတီဗွီပိုင်ရှင် ‘တုဟောင်’ နဲ့ တရားဝင် လက်ထပ်ထားတဲ့ အမျိုးသမီးရဲမှူးကြီး ဝပ်ထနာရီ ကွဏ်းချယားနန်း၊ အမှတ် ၆ တိုင်းဒေသရဲဌာနချုပ် ဒုရဲမှူးချုပ် နာ့ဿ်ဖုန်း ကိုးမင်းချတ်၊ ဘန်ကောက် လတ်ဖရော့ဝ်နယ်မြေ ရဲတပ်ဖွဲ့မှ အထူးစုံစမ်းစစ်ဆေးရေး ရဲအရာရှိ ၁ ဦး၊ ယာဉ်ထိန်းရဲ ၁ ဦး၊ ယန်နာဝါနယ်မြေ ရဲတပ်ဖွဲ့မှ ရဲအရာရှိ ၂ ဦးတို့ ပါဝင်ပါတယ်။
သူတို့ကို အစိုးရဝန်ထမ်းများ ကျင့်ဝတ်ပျက်ပြားမှုဆိုင်ရာ ကော်မတီရဲ့ စုံစမ်းစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထား ခိုင်လုံတဲ့အတွက် ဇန်နဝါရီ ၉ ရက် နေ့စွဲနဲ့ စာထုတ်ပြီး တာဝန်ဝတ္တရား ရပ်စဲလိုက်တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် ဒမ်းရုန်းဆဒ်ကစ် သီပဖတ်က ပြောပါတယ်။
နောက်ဆက်တွဲ အရေးယူမှုတွေနဲ့ ပတ်သက်လို့တော့ တရားရုံးမှာ သွားရောက်ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ဘန်ကောက် ယန်နာဝါနယ်မြေရှိ ကျင့်လိန်ကေတီဗွီဇုန်ကို တာဝန်ရှိသူတွေ ဝင်ရောက်စီးနင်းရာမှာ မူးယစ်ဆေးဝါးသုံးစွဲ ပျော်ပါးနေတဲ့ တရုတ်နိုင်ငံသား ၂၀၀ နီးပါး တွေ့ရှိပြီး အမှုမပြီးပြတ်ခင် အရေးကြီးသက်သေ လူနဲ့ မော်တော်ကားတွေ ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ တရားမဝင်လုပ်ငန်း လုပ်ကိုင်နိုင်အောင် ပံ့ပိုးကူညီတာ၊ တာဝန်ဝတ္တရား လစ်ဟင်းတာ၊ တံစိုးလက်ဆောင် ရယူတာတွေနဲ့ ပတ်သက်ပြီး အဆိုပါရဲအရာရှိ ၆ ဦး ရာထူးတာဝန်မှ ဖြုတ်ချခံရတာ ဖြစ်ပါတယ်။
အဓိကတရားခံ ကျင့်လိန်ကေတီဗွီပိုင်ရှင် နိုင်းချိုင်းယနတ် ကွဏ်းချယားနန်းခေါ် တုဟောင်ကတော့ ဒီမတိုင်ခင်ကတည်းက အဖမ်းခံထားရပြီး ငွေကြေးခဝါချမှုနဲ့ တရားစွဲထားကြောင်း၊ သူ့ရဲ့ဇနီး ရဲမှူးကြီး ဝပ်ထနာရီ ကွဏ်းချယားနန်းမှာ တာဝန်ဝတ္တရား အလွဲသုံးစားမှုအပြင် ငွေကြေးခဝါချမှုနဲ့ပါ အရေးယူခံရမယ်လို့ ဆိုပါတယ်။ သူဟာ လောလောဆယ် အာမခံငွေ ဘတ် ၂ သန်းနဲ့ အပြင်မှာရောက်နေပြီး နိုင်ငံခြားထွက်ပြေးမယ့်ပုံ တွေ့ရင် အာမခံရုပ်သိမ်းမယ်လို့ ဆိုပါတယ်။
တုဟောင်တို့ ဇနီးမောင်နှံရဲ့ တရားမဝင် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရားခံ စုစုပေါင်း ၃၇ ဦးရှိပြီး ၁၉ ဦးသာ ဖမ်းဆီးရမိကာ ၁၈ ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်သူကတော့ အယောက် ၇၀ ရှိတယ်လို့ ရဲချုပ်က ပြောသွားပါတယ်။
ဒီကိစ္စကို စုံစမ်းဖော်ထုတ်သူ ထိုင်းလွှတ်တော်အမတ်ဟောင်း ချူဝစ် ကမွန်ဝိဆစ်ကလည်း သူဟာ ပြည်သူတဦးအနေနဲ့ ဝန်ကြီးချုပ်နဲ့တွေ့ရဖို့ အကြိမ်ကြိမ်ကြိုးစားရာမှာ ပြီးခဲ့တဲ့ ၃ ရက်က တွေ့ဆုံခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်း တုဟောင်အမှုနဲ့ပတ်သက်တဲ့ အမှုတွေမှာ အရေးယူ အပြစ်ပေးတာတွေ မြန်ဆန်လာကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ ခုလို လျှင်မြန်ပြတ်သားစွာ အရေးယူခြင်းအားဖြင့် ပြည်သူတွေရဲ့ ယုံကြည်မှုကို ပိုမိုရရှိကာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ သိက္ခာ ပိုပြီးခိုင်မာစေတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။