close

တရုတ်လေယာဉ်

close

January 12, 2023

ထိုင်ဝမ်လေတပ်က စစ်ရေးဆိုင်ရာ ပြင်ဆင်မှုများ သရုပ်ဖော်ပြသ

ထိုင်ဝမ်လေတပ်က တရုတ်နှစ်သစ်ကူး အားလပ်ရက်မတိုင်ခင် နှစ်စဉ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုပြပွဲမှာ ထိုင်ဝမ်ကျွန်းရဲ့ လေပိုင်နက်ကို ကာကွယ်နိုင်ဖို့ စစ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေကို ဇန်နဝါရီ ၁၁ ရက်မှာ သရုပ်ဖော်ပြသခဲ့ပါတယ်။

ပြသမှုအတွင်း ဒုတိယလေကြောင်းတပ်ဖွဲ့ဝင် မီရာ့ချ် တိုက်လေယာဉ် ၂,၀၀၀ ကျော်ဟာ ပျံတက်ခြင်းနဲ့ ဆင်းသက်ခြင်းဆိုင်ရာ နည်းပညာတွေကို အစုအဖွဲ့တရပ် အနေနဲ့ ထိုင်ဝမ်တောင်ပိုင်းမှာရှိတဲ့ စင်ချူး လေတပ်စခန်းမှာ သရုပ်ဖော်ပြသခဲ့တာပါ။

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနားက ရေပြင်နဲ့ မြေပြင်ပိုက်နက်တွေကို ပုံမှန် ဝင်ရောက်ကျူးကျော်နေတာနဲ့ ပတ်သက်ပြီး တိုက်လေယာဉ်မှူးတဦးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ဝူဘုံယန်းက “အားလုံးသော ထိုင်ဝမ်တိုက်လေယာဉ်တွေဟာ သတိအနေအထားမှာ အမြဲရှိနေပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ဖြေဆိုပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း လေကြောင်းကာကွယ်ရေးဇုန်ကို ပျံသန်းဝင်ရောက်လာတဲ့ လေယာဉ် ၂၈ စင်း အပါအဝင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းတဝိုက် လှည့်လည်သွားလာနေတဲ့ တရုတ်လေယာဉ် ၅၇ စင်းနဲ့ ရေတပ်သင်္ဘော ၄ စင်းတို့ကို ရှာဖွေထောက်လှမ်းမိခဲ့တယ်လို့ ဇန်နဝါရီ ၉ ရက်က ပြောပါတယ်။

တရုတ်နိုင်ငံက ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်ပိုင်နက်တခုအဖြစ် ရှုမြင်ထားတာသလို စစ်ရေးအရရော နိုင်ငံရေးနဲ့ စီးပွားရေးအရပါ ဖိအားပေးနိုင်ဖို့ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

11 mins Ago

March 21, 2022

လူ ၁၃၀ ကျော် တင်ဆောင်လာသည့် တရုတ်လေယာဉ် ၁ စီး ပျက်ကျ

ခရီးသည်တွေအပါအဝင် လူပေါင်း ၁၃၀ ကျော်ကို တင်ဆောင်လာတဲ့ တရုတ်နိုင်ငံ ချိုင်းနားအိစတန်လေကြောင်းလိုင်းက လေယာဉ်တစီးဟာ မတ်လ ၂၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက  နိုင်ငံအနောက်တောင်ပိုင်း ကွမ်ရှီးဒေသ တောင်တန်းတွေပေါ် ပျက်ကျ သွားတယ်လို့ တရုတ်နိုင်ငံ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ဘိုးအင်း-၇၃၇ ဂျက်လိုင်နာလေယာဉ်ပေါ်မှာ လူပေါင်း ၁၃၂ ယောက်ပါဝင်ပြီး လတ်တလောမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ကာ ထိခိုက် သေဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

တရုတ်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ ထုတ်ပြန်ချက်မှာတော့ လေယာဉ်ပေါ်မှာ ခရီးသည် ၁၂၃ ယောက်နဲ့ လေကြောင်းလိုင်းဝန်ထမ်း ၉ ယောက် လိုက်ပါလာခဲ့ တယ်လို့ ပြောပါတယ်။

အဆိုပါလေယာဉ်ဟာ ကူမင်းမြို့ကနေ ကွမ်ကျိုးမြို့ကို ထွက်ခွာလာခဲ့တာဖြစ်ပြီး ဝူကျိုးမြို့ပေါ်အဖြတ်မှာတော့ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ လေကြောင်းလိုင်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကမ္ဘာပေါ်မှာ အကောင်းဆုံးစာရင်းဝင်ခဲ့ပြီး အဆိုးဝါးဆုံးအဖြစ် လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က ဟီနန်းလေကြောင်းလိုင်း မတော်တဆမှု ဖြစ်စဉ်မှာတော့ စီးနင်းလိုက်ပါသူ ၉၆ ယောက်ထဲက ၄၄ ယောက် သေဆုံးခဲ့ပါတယ်။

10 months Ago
Up