close

လူ ၁၃၀ ကျော် တင်ဆောင်လာသည့် တရုတ်လေယာဉ် ၁ စီး ပျက်ကျ

ခရီးသည်တွေအပါအဝင် လူပေါင်း ၁၃၀ ကျော်ကို တင်ဆောင်လာတဲ့ တရုတ်နိုင်ငံ ချိုင်းနားအိစတန်လေကြောင်းလိုင်းက လေယာဉ်တစီးဟာ မတ်လ ၂၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက  နိုင်ငံအနောက်တောင်ပိုင်း ကွမ်ရှီးဒေသ တောင်တန်းတွေပေါ် ပျက်ကျ သွားတယ်လို့ တရုတ်နိုင်ငံ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ဘိုးအင်း-၇၃၇ ဂျက်လိုင်နာလေယာဉ်ပေါ်မှာ လူပေါင်း ၁၃၂ ယောက်ပါဝင်ပြီး လတ်တလောမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ကာ ထိခိုက် သေဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

တရုတ်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ ထုတ်ပြန်ချက်မှာတော့ လေယာဉ်ပေါ်မှာ ခရီးသည် ၁၂၃ ယောက်နဲ့ လေကြောင်းလိုင်းဝန်ထမ်း ၉ ယောက် လိုက်ပါလာခဲ့ တယ်လို့ ပြောပါတယ်။

အဆိုပါလေယာဉ်ဟာ ကူမင်းမြို့ကနေ ကွမ်ကျိုးမြို့ကို ထွက်ခွာလာခဲ့တာဖြစ်ပြီး ဝူကျိုးမြို့ပေါ်အဖြတ်မှာတော့ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ လေကြောင်းလိုင်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကမ္ဘာပေါ်မှာ အကောင်းဆုံးစာရင်းဝင်ခဲ့ပြီး အဆိုးဝါးဆုံးအဖြစ် လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က ဟီနန်းလေကြောင်းလိုင်း မတော်တဆမှု ဖြစ်စဉ်မှာတော့ စီးနင်းလိုက်ပါသူ ၉၆ ယောက်ထဲက ၄၄ ယောက် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up