တရုတ်အာကာသယာဉ်မှူး ၃ ဦးဟာ တရုတ်နိုင်ငံရဲ့ Shenzhou-14 အာကာသယာဉ်ကနေ ကမ္ဘာမြေကို အာကာသယာဉ်ငယ်နဲ့အတူ ဒီဇင်ဘာ ၄ ရက်က ပြန်လည်ရောက်ရှိလာပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ အာကာသစခန်းမှာ ၆ လကြာမြင့်ခဲ့တဲ့ မစ်ရှင်ရဲ့ အဆုံးသတ်ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်သံ CCTV က ဖော်ပြခဲ့ပါတယ်။
အာကာသယာဉ်မှူး ၃ ဦးဖြစ်တဲ့ အရာရှိ Chen Dong၊ အဖွဲ့ဝင် Liu Yang နဲ့ Cai Xuzhe တို့ဟာ နိုဝင်ဘာလက ပြီးစီးခဲ့တဲ့ အာကာသစခန်း တည်ဆောက်မှုမှာ အခရာကျတဲ့ နောက်ဆုံးကာလကို သွားရောက်ကြီးကြပ်ခဲ့ကြတာပါ။
CCTV ရဲ့ ထုတ်လွှင့်မှုမှာတော့ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီးနောက် သူတို့အခြေအနေ ကောင်းမွန်တယ်လို့ ပြောပါတယ်။
ဒီတရုတ်အာကာသယာဉ်ငယ်ဟာ တရုတ်နိုင်ငံမြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွန်ဂိုလီးယားဒေသအလယ်က Dongfeng တည်နေရာမှာ ဂရင်းနစ်စံတော်ချိန် ၁၂ နာရီ ၉ မိနစ်က ရောက်ရှိ ဆင်းသက်ခဲ့တာပါ။
အာကာသအေဂျင်စီက ဝန်ထမ်းတွေနဲ့အတူ ဇွန်လ ၅ ရက်နေ့မှာ စတင်ခဲ့တဲ့ ဒီမစ်ရှင်ကို ပြီးပြည့်စုံသော အောင်မြင်မှုလို့ CCTV က အမွှမ်းတင်ခဲ့ပါတယ်။
ပင်ပန်းနွမ်းနယ်နေပုံရတဲ့ အာကာသယာဉ်မှူးတွေကို အေဂျင်စီဝန်ထမ်းတွေက တယောက်ချင်း ခေါ်ထုတ်သွားခဲ့ပြီး ည ၉ နာရီမှာတော့ ထွက်ခွာမှု ပြီးစီးခဲ့တယ်လို့ CCTV က ဆိုပါတယ်။
ပြန်ရောက်လာခဲ့တဲ့ အာကာသယာဉ်မှူး ၃ ဦးနေရာမှာ အစားထိုးဝင်ရောက်လုပ်ကိုင်ဖို့ နောက်ထပ် အာကာသယာဉ်မှူးအသစ် ၃ ဦးဟာ နိုဝင်ဘာ ၃၀ ရက်နေ့က တရုတ်အာကာသစခန်းကို ရောက်ရှိလာခဲ့ပါတယ်။
ရှန်ကျိုး-၁၄ အာကာသယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ တရုတ်အာကာသယာဉ်မှူး သုံးယောက်ဟာ အာကာသစခန်းရှိ အလယ်ဗဟို မော်ဂျူးယူနစ်ဖြစ်တဲ့ ထျန်းဟယ်ယာဉ်ငယ်ထဲကို ဇွန် ၅ ရက်က ဝင်ရောက်ခဲ့တယ်လို့ တရုတ်အာကာသအေဂျင်စီ (CMSA) က ပြောပါတယ်။
ရှန်ကျိုး-၁၄ ဟာ ထျန်းဟယ် မော်ဂျူးယူနစ်၊ ထျန်းကျိုး-၃ ကုန်တင်ယာဉ်တွဲနဲ့ ထျန်းကျိုး-၄ ကုန်တင်ယာဉ်တွဲတို့ ပေါင်းစပ်မှုနဲ့အတူ လျင်မြန်တဲ့အလိုအလျောက်ဆုံရပ်နဲ့ အထိုင်ချတာကို အောင်မြင်စွာလုပ်ဆောင်ပြီးမြောက်ခဲ့ပြီးနောက် ရှန်ကျိုး-၁၄ က အာကာသယာဉ်မှူးတွေဟာ အာကာသယာဉ်ကြီးရဲ့ အပြန်ယာဉ်ငယ် အစိတ်အပိုင်းကနေ ပတ်လမ်းကြောင်း ယာဉ်ငယ်အစိတ်အပိုင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။
ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ပြီးနောက်မှာ အာကာသယာဉ်မှူးတယောက်ဖြစ်တဲ့ ချန်းတုံးက ထျန်းဟဲမော်ဂျူးကို ဖွင့်လိုက်ပြီး ပေကျင်းစံတော်ချိန် ၂၀ နာရီ မိနစ် ၅၀ မှာ ချန်းတုံး၊ လျိုယန်နဲ့ ခိုင်ရှုကျယ်တို့ တယောက်ပြီးတယောက် ဝင်ရောက်လာကြပါတယ်။
တရုတ်အာကာသယာဉ်မှူး သုံးယောက်ဟာ သက်ဆိုင်ရာလုပ်ငန်းတွေကို စီစဉ်ထားတဲ့အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း CMSA က ပြောပါတယ်။