တရုတ်နိုင်ငံက မြန်မာနိုင်ငံကို Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း လှူဒါန်းလိုက်ပြီး အဆိုပါ ကာကွယ်ဆေးတွေကို ကျောင်းဖွင့်ချိန်မှာ အခြေခံပညာကျောင်းသားကျောင်းသူတွေကို ထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါ လှူဒါန်းမှုထဲမှာတော့ ဆေးထိုးအပ် ၁၃ သန်းလည်း ပါဝင်ပြီး မေ ၁၈ ရက်ကတော့ ပထမအသုတ်အနေနဲ့ ကာကွယ်ဆေး ၅ သန်းနဲ့ ကာကွယ်ဆေးထိုးအပ် ၂ သန်း ရောက်ရှိခဲ့ပြီးဖြစ်ကာ ကျန်ရှိတဲ့ ကာကွယ်ဆေးနဲ့ ဆေးထိုး အပ်တွေကိုတော့ အခုမေလထဲမှာ နောက်ထပ် ၃ သုတ်ခွဲကာ ပို့ဆောင်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၆၁၃,၁၈၂ ယောက်နဲ့ သေဆုံးသူပေါင်း ၁၉,၄၃၄ ယောက် ရှိခဲ့ပြီလို့ ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု အခြေအနေတွေကို စောင့်ကြပ် ကြည့်ရှုနေပြီး အပတ်စဉ်အလိုက် ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနဲ့ ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းတွေဟာ ၁ ရာခိုင် နှုန်းအောက် လျော့နည်းကျဆင်း လာတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကတော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတည်ငြိမ်သယောင် ဟန်ပြပြုလုပ်ဖို့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့နဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေ ကျင်းပနိုင်ဖို့ နေ့စဉ်ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေကို လျှော့ချ ထုတ်ပြန်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၃၁ သန်းကျော် ရှိခဲ့ပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည်သူတွေကြား မှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက် ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးခဲ့တဲ့ သူနာပြုတစ်ယောက် သေဆုံးခဲ့ပြီးနောက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေအပေါ် ကာကွယ်ဆေးထိုးမှုတွေ မြှင့်တင်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒီသေဆုံးမှုသတင်းကိုတော့ ဇူလိုင် ၁၁ ရက်က ဆီဝါကွန်ရက်တနာကန်ထီ အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ယောက်က မျှဝေခဲ့တာဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ သူနာပြုရဲ့ အမည်ကိုတော့ ဒိုးနတ်လို့ ဖော်ပြထားခဲ့ပြီး သူနဲ့ ဝမ်းကွဲ ညီအစ်မ တော်စပ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူဟာ စီနီယာဆေးပညာရှင်တွေက သေဆုံးမှုနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ လျှော့ချနိုင်တယ်လို့ ပြောထားခဲ့ကြတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသူ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျမရဲ့ ဝမ်းကွဲညီအစ်မဟာ ရောဂါကူးစက်ခံရပြီး တပတ်အကြာမှာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်”
ဒီသေဆုံးမှုဟာ သူ့အတွက်တော့ ရှေ့တန်းမှာ ရင်ဆိုင်နေကြရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဘေးကင်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
တကယ်လို့သာ သူ့ရဲ့ ညီမဖြစ်သူဟာ အသက်ရှင်နေသေးတယ်ဆိုရင် ပိုပြီးထိရောက်တဲ့ ကာကွယ်ဆေးထပ်မံပြီးတော့ ထိုးနိုင်မယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးဗဟိုကတော့ AstraZeneca နဲ့ Sinovac ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးသူတွေအနေနဲ့ ၉၀ ရာခိုင်နှုန်းလောက် သေဆုံးမှုနဲ့ ရောဂါကူးစက်မှုကနေ ထိရောက်ကာကွယ်နိုင်ကြောင်း ပြောထားခဲ့တာပါ။
ဒါပေမဲ့ ဒီတရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေရဲ့ အကျိုးအာနိသင်နဲ့ ထိရောက် ကာကွယ်နိုင်စွမ်းကတော့ သံသယဖြစ်စရာ အခြေအနေတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ချူလာလောင်ကွန်တက္ကသိုလ်၊ ကူးစက်စေတတ်သောရောဂါများဆိုင်ရာဌာန အကြီးအကဲ ထီရာဝပ် ဟီမာချုဒါကတော့ အစိုးရအနေနဲ့ ရှေ့တန်းက ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေကို အရေးပေါ် ကာကွယ်ဆေးထိုးနှံမှုတွေ မြှင့်တင်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကူးစက်ခံရသူ ပေါင်း ၃၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၇၀၀ ကျော်လာခဲ့ပြီဖြစ်ကာ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှု အမြင့်ဆုံး ၅ နိုင်ငံထဲ ပါဝင်နေတာ ဖြစ်ပါတယ်။