close

တရုတ်ထုတ်ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးခဲ့သည့် ထိုင်းသူနာပြုဆရာမ သေဆုံး

ထိုင်းနိုင်ငံမှာ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးခဲ့တဲ့ သူနာပြုတစ်ယောက် သေဆုံးခဲ့ပြီးနောက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေအပေါ် ကာကွယ်ဆေးထိုးမှုတွေ မြှင့်တင်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီသေဆုံးမှုသတင်းကိုတော့ ဇူလိုင် ၁၁ ရက်က ဆီဝါကွန်ရက်တနာကန်ထီ အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ယောက်က မျှဝေခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ သူနာပြုရဲ့ အမည်ကိုတော့ ဒိုးနတ်လို့ ဖော်ပြထားခဲ့ပြီး သူနဲ့ ဝမ်းကွဲ ညီအစ်မ တော်စပ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူဟာ စီနီယာဆေးပညာရှင်တွေက သေဆုံးမှုနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ လျှော့ချနိုင်တယ်လို့ ပြောထားခဲ့ကြတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသူ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျမရဲ့ ဝမ်းကွဲညီအစ်မဟာ ရောဂါကူးစက်ခံရပြီး တပတ်အကြာမှာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်”

ဒီသေဆုံးမှုဟာ သူ့အတွက်တော့ ရှေ့တန်းမှာ ရင်ဆိုင်နေကြရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဘေးကင်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့သာ သူ့ရဲ့ ညီမဖြစ်သူဟာ အသက်ရှင်နေသေးတယ်ဆိုရင် ပိုပြီးထိရောက်တဲ့ ကာကွယ်ဆေးထပ်မံပြီးတော့ ထိုးနိုင်မယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးဗဟိုကတော့ AstraZeneca နဲ့ Sinovac ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးသူတွေအနေနဲ့ ၉၀ ရာခိုင်နှုန်းလောက် သေဆုံးမှုနဲ့ ရောဂါကူးစက်မှုကနေ ထိရောက်ကာကွယ်နိုင်ကြောင်း ပြောထားခဲ့တာပါ။

ဒါပေမဲ့ ဒီတရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေရဲ့ အကျိုးအာနိသင်နဲ့ ထိရောက် ကာကွယ်နိုင်စွမ်းကတော့ သံသယဖြစ်စရာ အခြေအနေတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ချူလာလောင်ကွန်တက္ကသိုလ်၊ ကူးစက်စေတတ်သောရောဂါများဆိုင်ရာဌာန အကြီးအကဲ ထီရာဝပ် ဟီမာချုဒါကတော့ အစိုးရအနေနဲ့ ရှေ့တန်းက ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေကို အရေးပေါ် ကာကွယ်ဆေးထိုးနှံမှုတွေ မြှင့်တင်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကူးစက်ခံရသူ ပေါင်း ၃၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၇၀၀ ကျော်လာခဲ့ပြီဖြစ်ကာ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှု အမြင့်ဆုံး ၅ နိုင်ငံထဲ ပါဝင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up