close

တာဝေးပစ်လက်နက်

close

May 14, 2022

ပေါက်မြို့နယ်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့က တာဝေးပစ်လက်နက်ကြီး ထပ်မံထုတ်လုပ်

မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်နိုင်ဖို့အတွက် လက်နက်ခဲယမ်း အခက်ခဲတွေဖြစ်နေလို့ ၂ မိုင် အကွာဝေးလောက်ထိ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ တာဝေးပစ်လက်နက်တစ်မျိုးကို ထပ်မံစမ်းသပ် ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ပေါက်မြို့နယ်၊ တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့မှာ  SPGF က ပြောပါတယ်။

SPGF ရဲ့ လက်နက်ကြီးပိုင်း ဆိုင်ရာ တာဝန်ခံ ဗိုလ်လပြည့်က “SPGF အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ တိုက်တဲ့အခါ တစ်တောင့်ထိုး လက်လုပ်သေနတ်တွေကိုသာ အဓိကထားပြီး တိုက်ခိုက်နေရတာ။ လက်နက်အင်အား ကွာခြားချက်ကြောင့် ရဲဘော်တွေ ထိခိုက်ကျဆုံးတာရှိသလို ပြောက်ကျားနည်းဗျူဟာနဲ့ တိုက်ခိုက်ပြီး နောက်ဆုတ်ပေးခဲ့ရတာတွေရှိတယ်။ ဒါကြောင့်မို့ တာဝေးပစ်လက်နက်ကြီးတွေကို ဆန်းသစ် တီထွင်မှုမျိုးစုံနဲ့ နေ့စဥ်နဲ့ အမျှကြိုးပမ်းဆောင်ရွက်ခဲ့တာ အရည်သွေးမြင့် 60MM လက်နက်ကြီး တမျိုးကို အောင်မြင်စွာ ထပ်မံ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်”လို့ ပြောပါတယ်။

အခုတီထွင်ထုတ်လုပ်လိုက်တဲ့ လက်နက်အမျိုးအစားက အရင်က လက်နက်တွေနဲ့မတူဘဲ 60MM ကျည်နဲ့ ပြောင်းက ကွက်တိဖြစ်နေလို့ ပြင်းအားလည်းပိုပြီး ၂ မိုင်အကွာဝေးလောက်အထိ ပစ်ခတ် တိုက်ခိုက်နိုင်တယ်လို့လည်း SPGF ပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။

ဒီလက်နက်ကြီးကို ထုတ်လုပ်ဖို့ တလခွဲလောက် အချိန်ယူကြိုးစားခဲ့ရပြီး လက်နက်ကြီးယမ်း၊ အိန္ဒိယ ယမ်းတွေကို အသုံးပြုပြီးထုတ်လုပ်ခဲ့တာပါ။ 

တစ်နေ့ကို လက်နက်ကြီး ကျည်အရေအတွက် အရေအတွက် ၅ ခွံလောက် ထုတ်လုပ်နိုင်ပြီး မိဘပြည်သူတွေအနေနဲ့လည်း မိမိတို့ တတ်နိုင်သမျှ ထောက်ပံကူညီပေးပြီး ပြည်သူ့ တော်လှန်ရေးမှာ  ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ပေါက်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြလို့ နေအိမ် ၁၁၀၀ ကျော် မီးလောင်ဆုံးရှုံးကာ ပြည်သူ ၂၀၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

1 min Ago

May 3, 2022

ပေါက်တောင်ပိုင်းပြောက်ကျားတပ်က M-79 အမျိုးအစား တာဝေးပစ်လက်နက် ထပ်မံထုတ်လုပ်

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့က M-79 အမျိုးအစား တာဝေးပစ်လက်နက်တမျိုး ထပ်မံထုတ်လုပ် အောင်မြင်ခဲ့တယ်လို့ ပေါက်တောင်ပိုင်းပြောက်ကျားတပ် SPGF က ပြောပါတယ်။

ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့က အိန္ဒိယ ယမ်းအသုံးပြုပြီးတော့ အကွာအဝေး ၂ မိုင်ခွဲလောက်ပစ်ခတ်နိုင်တဲ့ M-79 အမျိုးအစား တာဝေးပစ် လက်နက်တမျိုး စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့တယ်လို့ SPGF ရဲ့ လက်နက်ကြီးပိုင်းဆိုင်ရာတာဝန်ခံ ဗိုလ်လပြည့်က ဒီဗွီဘီကို ပြောပါတယ်။

“အိန္ဒိယယမ်းက စျေးအရမ်းမြင့်တော့ ၄၅၀,၀၀၀ ကျပ်လောက်ကုန်ကျပြီး ယခင်ထုတ်လုပ်ခဲ့တဲ့ လက်နက်ကြီးတွေထက် စျေးပိုမြင့်တယ်ဗျ။ အိန္ဒိယ ယမ်းက ၂၀ ကီလိုပါ အထုတ်သေးတထုတ်ကို ၇၀၀,၀၀၀ ကျပ်ပေးရပြီး အနောက်က တူမီးယမ်းကတော့ ၅ သိန်းကျပ် ကုန်ကျတယ်။”

ပေါက်မြိုနယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ဖြစ်တဲ့အခါ တတောင့်ထိုးတွေ၊ ရှော့ဂန်းတွေကိုသာ အသုံးပြုပြီး တိုက်ခိုက်နေရတာဖြစ်လို့ တာဝေးပစ်လက်နက်ကို စမ်းသပ်ထုတ်လုပ်တာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းပေးကြဖို့ အကူညီတောင်းခံချင်တယ်လို့ ပြောပါတယ်။

လက်နက်ကြီးတွေ၊ မိုင်းတွေ၊ စမ်းသပ် ထုတ်လုပ်တဲ့ နေရာမှာလည်း အန္တရာယ်များကာ မတော်တဆပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားပြီး နိုင်ငံတန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုင်းပြည်အတွက် အသက်ပေးလိုက်ရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

ပေါက်တောင်ပိုင်းပြောက်ကျားတပ် SPGF အနေနဲ့ ဧပြီ ၂၉ ရက်နေ့မှာလည်း ၆၀ မမ အမျိုးအစား တာဝေးပစ်လက်နက်တမျိုး စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကောင်စီတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေလို PDF တွေနဲ့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားကာ ဧပြီ ၇ ရက်နေ့ကစပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့်  ကျေးရွာ ၂၀ လောက်က ပြည်သူ ၂၀,၀၀၀ နီးပါးလောက်ဟာ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

2 weeks Ago
Up