close

ပေါက်တောင်ပိုင်းပြောက်ကျားတပ်က M-79 အမျိုးအစား တာဝေးပစ်လက်နက် ထပ်မံထုတ်လုပ်

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့က M-79 အမျိုးအစား တာဝေးပစ်လက်နက်တမျိုး ထပ်မံထုတ်လုပ် အောင်မြင်ခဲ့တယ်လို့ ပေါက်တောင်ပိုင်းပြောက်ကျားတပ် SPGF က ပြောပါတယ်။

ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့က အိန္ဒိယ ယမ်းအသုံးပြုပြီးတော့ အကွာအဝေး ၂ မိုင်ခွဲလောက်ပစ်ခတ်နိုင်တဲ့ M-79 အမျိုးအစား တာဝေးပစ် လက်နက်တမျိုး စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့တယ်လို့ SPGF ရဲ့ လက်နက်ကြီးပိုင်းဆိုင်ရာတာဝန်ခံ ဗိုလ်လပြည့်က ဒီဗွီဘီကို ပြောပါတယ်။

“အိန္ဒိယယမ်းက စျေးအရမ်းမြင့်တော့ ၄၅၀,၀၀၀ ကျပ်လောက်ကုန်ကျပြီး ယခင်ထုတ်လုပ်ခဲ့တဲ့ လက်နက်ကြီးတွေထက် စျေးပိုမြင့်တယ်ဗျ။ အိန္ဒိယ ယမ်းက ၂၀ ကီလိုပါ အထုတ်သေးတထုတ်ကို ၇၀၀,၀၀၀ ကျပ်ပေးရပြီး အနောက်က တူမီးယမ်းကတော့ ၅ သိန်းကျပ် ကုန်ကျတယ်။”

ပေါက်မြိုနယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ဖြစ်တဲ့အခါ တတောင့်ထိုးတွေ၊ ရှော့ဂန်းတွေကိုသာ အသုံးပြုပြီး တိုက်ခိုက်နေရတာဖြစ်လို့ တာဝေးပစ်လက်နက်ကို စမ်းသပ်ထုတ်လုပ်တာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းပေးကြဖို့ အကူညီတောင်းခံချင်တယ်လို့ ပြောပါတယ်။

လက်နက်ကြီးတွေ၊ မိုင်းတွေ၊ စမ်းသပ် ထုတ်လုပ်တဲ့ နေရာမှာလည်း အန္တရာယ်များကာ မတော်တဆပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားပြီး နိုင်ငံတန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုင်းပြည်အတွက် အသက်ပေးလိုက်ရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

ပေါက်တောင်ပိုင်းပြောက်ကျားတပ် SPGF အနေနဲ့ ဧပြီ ၂၉ ရက်နေ့မှာလည်း ၆၀ မမ အမျိုးအစား တာဝေးပစ်လက်နက်တမျိုး စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကောင်စီတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေလို PDF တွေနဲ့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားကာ ဧပြီ ၇ ရက်နေ့ကစပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့်  ကျေးရွာ ၂၀ လောက်က ပြည်သူ ၂၀,၀၀၀ နီးပါးလောက်ဟာ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up