close

တာဟန်းရပ်ကွက်

close

June 13, 2022

ကလေးမြို့ တာဟန်းရပ်ကွက်တွင် လက်နက်ကြီးကျည်ကျသဖြင့် နေအိမ် ၁ လုံးပျက်စီး

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန် ၁၂ ရက်နေ့ညက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ အနောက်ပိုင်းရပ်ကွက်တွေမှာ ဇွန် ၁၂ ရက် ညအစောပိုင်းကတည်းက ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် ည ၈ နာရီဝန်းကျင်လောက်မှာ တာဟန်းရပ်ကွက်က လူနေအိမ်တလုံးပေါ် လက်နက်ကြီး ကျရောက်တာကြောင့် နေအိမ်ပျက်စီးသွားတာလို့ ရပ်ကွက်နေ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။

“လက်နက်ကြီးက ညပိုင်းမှာကျတာ။ ညနေမှောင်ရီပျိုးကတည်းကစ ပစ်ခတ်သံတွေကြားနေရတာ။ အရင်တခါကလည်း မင်းကင်းဘက်က စစ်ရှောင်တွေ လက်နက်ကြီးမှန်ပြီး ဆုံးသွားကြတယ်။ ကိုယ့်အိမ်နဲ့ကိုယ်နေတာတောင် လုံခြုံမှုမရှိတော့ဘူး။”

ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့ကလည်း မင်းကင်းဘက်မှ ကလေးမြို့ထဲ စစ်ဘေးရှောင်လာတဲ့ စစ်‌ဘေးရှောင်မိသားစုဝင် ၃ ဦးဟာ စစ်ကောင်စီရဲ့လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ရပါသေးတယ်။

မေ ၁၀ ရက်နေ့နဲ့ ၂၅ ရက်နေ့ညကလည်း တောင်ဖီလာတောင်ပေါ်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် တာဟန်းရပ်ကွက်က နေအိမ်တွေပေါ် လက်နက်ကြီးကျရောက်ပြီး အိမ်ရှင်မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဧပြီလ ၂၉ ရက်နေ့ညကလည်း တာဟန်းရပ်ကွက် ဘူတာရုံလမ်းကြား ဧမာနွေလ ဘုရားကျောင်းအနီး နေအိမ်ပေါ်ကို တိုက်ပွဲတွင်းက လက်နက်ကြီးကျရောက်လို့ ဒေသခံတဦး အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။

ကလေးမြို့မှာ စစ်ကောင်စီက မြို့တွင်းကို လက်နက်ကြီးများနဲ့ မကြာခဏပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်။

14 mins Ago

June 6, 2022

ကလေးမြို့ တာဟန်းရပ်ကွက်နေ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံအမျိုးသား တယောက်ကို  ကျည်ဆန်တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေမှာ ဇွန် ၆ ရက်က ထုတ်ပြန်ပါတယ်။

PDF အတွက် လက်နက်ခဲယမ်းတွေ ဝယ်‌ယူပေးနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ  ဒေသခံတဦးဖြစ်တဲ့ ကိုလာနွန်မောကို  ၅ ဒသမ ၅၆ ကျည် ၁၄၆၀တောင့် ၊ ၉မမကျည် ၅၀၀တောင့်၊ ပွိုင့်၃၀၈ကျည် ၁၀၁၀တောင့်၊ တရုတ်စက်လက်ကျည် ၂၅၀ တောင့်နဲ့အတူ  ဇွန် ၃ ရက်က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

လတ်တလော ကိုလာနွန်မောကို စစ်ကောင်စီတပ်က ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ဆီ ဖမ်းဆး ခေါ်ဆောင်သွားတယ်လို့သာ သိရပြီး အခုထိအဆက်အသွယ် မရတော့ဘူးလို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူက ပြောပါတယ်။ 

မေ ၂၁ ရက်ကလည်း ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ ကိုမြင့်သူဝင်းကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက PDF ထောက်ပံ့မှုနဲ့ စွပ်စွဲ ဖမ်းဆီးခဲ့ပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ လက်ရှိမှာ ကလေးမြို့ပေါ်ကို ရှောင်တခင်ဝင်ရောက် စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး အပြစ်မဲ့ပြည်သူတွေကိုလည်း  စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်နေလို့ မြို့နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ လတ်တလောမှာ ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါထိုးစစ်ဆင်နေပြီး ‌ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ဝန်းကျင်ရှိ‌ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀ ကျော်ရှိတယ်လို့  သပိတ်အဖွဲ့စာရင်းအရ သိရပါတယ်။

7 days Ago
Up