ကလေးမြို့ တာဟန်းရပ်ကွက်နေ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံအမျိုးသား တယောက်ကို ကျည်ဆန်တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေမှာ ဇွန် ၆ ရက်က ထုတ်ပြန်ပါတယ်။
PDF အတွက် လက်နက်ခဲယမ်းတွေ ဝယ်ယူပေးနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဒေသခံတဦးဖြစ်တဲ့ ကိုလာနွန်မောကို ၅ ဒသမ ၅၆ ကျည် ၁၄၆၀တောင့် ၊ ၉မမကျည် ၅၀၀တောင့်၊ ပွိုင့်၃၀၈ကျည် ၁၀၁၀တောင့်၊ တရုတ်စက်လက်ကျည် ၂၅၀ တောင့်နဲ့အတူ ဇွန် ၃ ရက်က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
လတ်တလော ကိုလာနွန်မောကို စစ်ကောင်စီတပ်က ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ဆီ ဖမ်းဆး ခေါ်ဆောင်သွားတယ်လို့သာ သိရပြီး အခုထိအဆက်အသွယ် မရတော့ဘူးလို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူက ပြောပါတယ်။
မေ ၂၁ ရက်ကလည်း ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ ကိုမြင့်သူဝင်းကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက PDF ထောက်ပံ့မှုနဲ့ စွပ်စွဲ ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ လက်ရှိမှာ ကလေးမြို့ပေါ်ကို ရှောင်တခင်ဝင်ရောက် စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး အပြစ်မဲ့ပြည်သူတွေကိုလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်နေလို့ မြို့နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ လတ်တလောမှာ ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါထိုးစစ်ဆင်နေပြီး ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀ ဝန်းကျင်ရှိပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀ ကျော်ရှိတယ်လို့ သပိတ်အဖွဲ့စာရင်းအရ သိရပါတယ်။