close

တားမြစ်

close

April 7, 2023

မုံရွာ ကျောက္ကာရေနံချက်ဖိုများ လုပ်ငန်းရပ်ဆိုင်းရန်နှင့် သယ်ယူရောင်းချခြင်းမပြုရန် စစ်ကောင်စီ တားမြစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ရေနံချက်လုပ်တာနဲ့ ချက်လုပ်ပြီးရေနံချက်ဆီတွေကို သယ်ဆောင်ရောင်းချတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းအစိုးရ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက  ဧပြီ ၃ ရက်မှာ ကြေညာပါတယ်။ 

စစ်ကိုင်းနဲ့ မကွေးဒေသတွင်း PDF တွေဟာ တနိုင်တပိုင်ရေနံလုပ်ငန်းတွေက ရတဲ့ငွေကြေးတွေနဲ့ အဖွဲ့အစည်း ရပ်တည်နေတာလို့ စစ်ကောင်စီက ယူဆတဲ့အတွက် အခုလို တားမြစ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း  ပေါက်မြို့နယ်နဲ့ မြိုင်နယ်ဘက်ကထွက်တဲ့ ရေနံတွေကို စစ်ကိုင်းတိုင်း မုံရွာ ကျောက္ကာ ရေနံချက်ဖိုတွေမှာ ချက်လုပ်ပြီး ကုန်သည်တွေက တင်ပို့ရောင်းချ လုပ်ငန်းလည်ပတ်ခဲ့တာပါ။

စစ်ကောင်စီက မြေပြင်မှာ ထိုးစစ်တွေဆင်နေသလို PDF တွေရဲ့ ရိက္ခာနဲ့ လက်နက်ရပ်တည်ရေး အဓိကဝင် ငွေရလမ်းကိုလည်း ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) တာဝန်ရှိသူတဦးက "အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း စက်သုံးဆီနဲ့ပတ်သက်ပြီးတော့ Boycott လုပ်တာတွေ ရှိတယ်ပေါ့နော်။ သူတို့ဘက်က ဒါကိုတန်ပြန်လုပ်တယ်လို့ ကျနော်တို့ယူဆတယ်။ ဘယ်လောက် ထိခိုက်နစ်နာလည်းဆိုတော့ ရေနံချက်ဖိုကို မှီပြီးတော့ လုပ်ကိုင်စားနေတဲ့ ရေနံလုပ်သားပြည်သူတွေ၊ ကုန်သည်ပွဲစားတွေပေါ့ သူတို့တော့ ဒုက္ခရောက်ကြတာပေါ့။ ပြည်သူဒုက္ခရောက်တယ်ဆိုတော့ ကျနော်တို့ဒုက္ခရောက်တာနဲ့အတူတူပါပဲ။ 

“ရေနံမှော်နဲ့ပတ်သက်ပြီးတော့ PDF တွေကို ထောက်ပို့ပေးနေတာလို့ တချက်လွှတ် ယူဆထားတာဖြစ်တဲ့အတွက် ဒီကိစ္စကို ပိတ်ပင်တာဖြစ်ပါလိမ့်မယ်။ ကျနော်တို့ PDF တွေအားလုံးဟာ ဒီအရာအပေါ်မှာ တသမတ်တည်း ခိုထားတာတော့ မဟုတ်ဘူးပေါ့နော်။ ပြည်သူရှိရင် PDF ရှိနေမှာပဲ။ ပြည်သူကထောက်ပံ့နေသရွေ့ ပြည်သူနဲ့တသားတည်းဖြစ်တဲ့ ကျနော်တို့ PDF တွေက ဆက်လက်ရှင်သန်နေမှာပဲပေါ့နော်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူတို့ဘက်ကလည်း ရေနံကားတွေပေါ်မှာ သွားခွင့်လာခွင့်တွေ တရားမဝင်ကောက်ခံနေတာ တွေရှိတယ်။ ဒါတွေကလည်း ကျနော်တို့တင်မဟုတ်ဘူး သူတို့လည်းထိခိုက်မှုရှိမှာပဲ။"

စစ်ကိုင်းနဲ့ မကွေးတိုင်းမြို့နယ်တော်တော်များများမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက နယ်မြေစိုးမိုးထားနိုင်ပြီလို့ ဆိုခဲ့ပေမယ့် ရေနံတွင်းတွေကရတဲ့ ဝင်ငွေတွေအပေါ်မှာ စနစ်တကျ အခွန်ကောက်ခံနိုင်တာမျိုးမရှိသေးပါဘူး။

NUG ရဲ့ မူဝါဒတချို့ကို မကြိုက်တဲ့ Local  PDF တွေရှင်သန်ရေးမှာ ရေနံတွင်းတွေကရတဲ့ ငွေကြေးတွေက အရေးပါတဲ့နေရာမှာရှိနေတယ်လို့ မကွေးနယ်ခံနိုင်ငံရေးတယောက်က  ပြောပါတယ်။

"NUG ကလည်း တကယ့်တကယ်ကြတော့ နယ်မြေစိုးမိုးတယ်လို့သာပြောတာ ထိထိရောက်ရောက်တော့ ရေနံအခွန်ကို မကောက်နိုင်သေးဘူး။ ဒါပေမဲ့ NUG က အခွန်ကောက်ဖို့ရာ မူဝါဒက နည်းနည်းနောက်ကျတယ်ပေါ့။ မြေပြင်မှာကြတော့ PDF အဖွဲ့တွေက အဆင်ပြေသလို ကောက်နေကြတာပေါ့။ ကျနော်တို့တော့ အဲ့ဒီလိုပဲ သိထားရတယ်ပေါ့။ တရားဝင်ကောက်ဖို့ NUG က မြို့နယ် ပအဖ၊ ပလဖ၊ ပကဖတွေကနေတဆင့် ကောက်ဖို့ရာအတွက် ကြိုးစားဆဲပဲရှိသေးတယ်။ တချို့ငွေရနေတဲ့ PDF အဖွဲ့တွေကျတော့လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေက အခွန်ကောက်ခွင့်မရှိဘူးဆိုတဲ့ မူဝါဒအပေါ်မှာ သဘောမကျတဲ့ အခါကြတော့ NUG ရဲ့ Chain Of Command အောက်ကို မဝင်ချင်တဲ့အဖွဲ့တွေလည်း ရှိနေတာပေါ့။"

မကွေးတိုင်းကထွက်တဲ့ ရေနံတွေဟာ အဆင့်မီကုန်ချောထုတ်နိုင်တဲ့ရေနံမျိုး မဟုတ်ဘဲ ပြည်ပက တင်သွင်းတဲ့အဆင့်မီရေနံတွေနဲ့ ရောသုံးနိုင်တဲ့အခြေအနေမှာပဲရှိနေတာပါ။

စစ်ကောင်စီကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ နှစ်လယ်ပိုင်း စစ်ကိုင်း၊ မကွေးကို နယ်မြေထိန်းချုပ်ဖို့ စပြီးကြိုးစားကတည်းက ရေနံတွင်းတွေကို မီးရှို့တာ၊ ပိုင်ရှင်တွေနဲ့ လုပ် သားတွေကို ခြိမ်းခြောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

မကွေးနယ်ခံနိုင်ငံရေးသမားတဦးက "ပေါက်၊ မြိုင် ထွက်တဲ့ရေနံတွေက မုံရွာ ကျောက္ကာက ချက်ဖိုတွေပဲ တရားဝင်ခွင့်ပြုတာဆိုတော့ မကွေးတိုင်းထဲမှာ တရားဝင်ချက်ခွင့်ရဖို့ရာအတွက်က ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ကြိုးစားဆဲမှာပဲ ဖြစ်သွားတာဆိုတဲ့အခါကြတော့ ဖြတ်သန်းခွန်တွေဆောင်ပြီးတော့ပဲ လုပ်ငန်းရှင်တွေက သယ်နေကြတာပေါ့။ လုပ်ငန်းရှင် ဆိုတာကတော့ အခွန်ကောက်တဲ့အဖွဲ့တွေ့ရင်ပေးတယ်။ မတွေ့ရင်မပေးဘူးပေါ့။ PDF နဲ့တွေ့ရင် PDF နဲ့အဆင်ပြေအောင်ပေးတယ်။ စကစနဲ့တွေလည်း အဆင်ပြေအောင်ပေးတယ်။ သူတို့ကတော့ လုပ်ငန်းတည်နေရာကို ရောက်သွားဖို့ရာ အဓိကဆိုတော့ စီးပွားရေးသမားတွေကတော့ အဲ့လိုပဲလုပ်ခဲ့တာကိုး။"

NLD အစိုးရလက်ထက် မှတ်တမ်းတွေအရ မကွေးရေနံတွင်းတွေကရတဲ့ အကျိုးအမြတ်တွေကနေ နိုင်ငံတော် ဘဏ္ဍာအဖြစ် တစ်နှစ်ကို အခွန်ငွေ ကျပ်သန်း ၃၀၀၀ ကနေ ၅၀၀၀ အထိရရှိခဲ့ပါတယ်။

5 mins Ago

March 19, 2023

အမေရိကန်၊ ဝိုင်ယိုမင်းပြည်နယ်တွင် ကိုယ်ဝန်ဖျက်ဆေးအသုံးပြုမှု တားမြစ်

အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ ဝိုင်ယိုမင်းပြည်နယ်ဟာ   ကိုယ်ဝန်ဖျက်ဆေး သုံးစွဲမှုကို တားမြစ်တဲ့  ပထမဆုံးပြည်နယ်ဖြစ်လာပါတယ်။

မတ်လအစောပိုင်းမှာ ဝိုင်ယိုမင်းပြည်နယ်ရဲ့ ရီပက်ပလစ်ကန် ထိန်းချုပ်ထားတဲ့ ဥပဒေပြုလွှတ်တော်မှာ အတည်ပြုပြီးတဲ့နောက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး မက်ဂေါ်ဒန်က မတ်လ ၁၇ ရက်မှာ ကိုယ်ဝန်ဖျက်ဆေး သုံးစွဲမှုကို တားမြစ်ကြောင်း ကြေညာခဲ့တာပါ။

စာမျက်နှာ ၂ မျက်နာပါ ဝိုင်ယိုမင်းဥပဒေမူကြမ်းရဲ့ အဓိက အကျဆုံးအချက်က ကိုယ်ဝန်ဖျက်ချဖို့ ဒါမှ မဟုတ် ကိုယ်ဝန်ဖျက် ချဖို့အတွက် ရည်ရွယ်ချက်နဲ့ ဆေးညွှန်း ထုတ်ပေးတာ၊ ဖြန့်ဝေတာ၊ ရောင်းချတာနဲ့ အသုံးပြုတာကို တရားမဝင်ဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

"Morning -After " လို့ခေါ်တဲ့ လိင်မှုအပြီးမှာ ကိုယ်ဝန်ကို အတည်ပြုနိုင်ခြင်းမရှိတဲ့ အချိန် ပဋိသန္ဓေ တားဆေးအနေနဲ့ အသုံးပြုတဲ့ ဆေးပြားကိုတော့ တားမြစ်ချက်ကနေ ကင်းလွတ်ခွင့်ရပြီး၊ သန္ဓေသားက သေစေနိုင်တဲ့ မူမမှန်မှု ရှိတယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ရင် ခြွင်းချက် အနေနဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ ခွင့်ပြုထားတယ်လို့သိရပါတယ်။

တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ရာဇဝတ်မှု အနေနဲ့ သတ်မှတ်ခံရမှာဖြစ်ပြီး၊ ထောင်ဒဏ် ခြောက်လနဲ့ ငွေဒဏ် ဒေါ်လာ ၉၀၀၀ အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ဒီဥပဒေကို လက်မှတ်ရေးထိုးချိန် အုပ်ချုပ်ရေးမှူးရဲ့ ဆုံးဖြတ်ချက်ကို ဝိုင်ယိုမင်း ACLU ရှေ့နေချုပ် အန်တိုနီယိုဆာရန်နိုကထုတ်ပြန်ချက်တစ်ခုမှာ "နိုင်ငံရေးမဟုတ်ပဲ  လူတစ်ယောက်ရဲ့ ကိုယ်ဝန်ဖျက်ချဖို့အပါအဝင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့  အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဆေးဘက်ဆိုင်ရာက လမ်းညွှန်သင့်တယ်" လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

အရီဇိုးနား၊ အင်ဒီယားနား၊ မွန်တာနာ၊ အိုဟိုင်းရိုး၊ တောင်ကယ်ရိုလိုင်းနား၊ ယူးထာနဲ့ ဝိုင်ယိုမင်း ပြည်နယ်တို့မှာ ကိုယ်ဝန်ဖျက်ချမှု တားမြစ်ချက် ဒါမှမဟုတ် ပြင်းထန်တဲ့ ကန့်သတ်ချက်တွေကို တရားရုံးကဆိုင်းငံ့ထားပြီး၊ အိုင်ဒါဟို တရားရုံးကတော့ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ ကိုယ်ဝန်ဖျက်ချတာကို ခွင့်ပြုဖို့ ပြည်နယ်ကို ဖိအားပေးခဲ့ပါတယ်။

Source - The Guardian

3 weeks Ago
Up