အမေရိကန်၊ ဝိုင်ယိုမင်းပြည်နယ်တွင် ကိုယ်ဝန်ဖျက်ဆေးအသုံးပြုမှု တားမြစ်

အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ ဝိုင်ယိုမင်းပြည်နယ်ဟာ ကိုယ်ဝန်ဖျက်ဆေး သုံးစွဲမှုကို တားမြစ်တဲ့ ပထမဆုံးပြည်နယ်ဖြစ်လာပါတယ်။
မတ်လအစောပိုင်းမှာ ဝိုင်ယိုမင်းပြည်နယ်ရဲ့ ရီပက်ပလစ်ကန် ထိန်းချုပ်ထားတဲ့ ဥပဒေပြုလွှတ်တော်မှာ အတည်ပြုပြီးတဲ့နောက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး မက်ဂေါ်ဒန်က မတ်လ ၁၇ ရက်မှာ ကိုယ်ဝန်ဖျက်ဆေး သုံးစွဲမှုကို တားမြစ်ကြောင်း ကြေညာခဲ့တာပါ။
စာမျက်နှာ ၂ မျက်နာပါ ဝိုင်ယိုမင်းဥပဒေမူကြမ်းရဲ့ အဓိက အကျဆုံးအချက်က ကိုယ်ဝန်ဖျက်ချဖို့ ဒါမှ မဟုတ် ကိုယ်ဝန်ဖျက် ချဖို့အတွက် ရည်ရွယ်ချက်နဲ့ ဆေးညွှန်း ထုတ်ပေးတာ၊ ဖြန့်ဝေတာ၊ ရောင်းချတာနဲ့ အသုံးပြုတာကို တရားမဝင်ဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
"Morning -After " လို့ခေါ်တဲ့ လိင်မှုအပြီးမှာ ကိုယ်ဝန်ကို အတည်ပြုနိုင်ခြင်းမရှိတဲ့ အချိန် ပဋိသန္ဓေ တားဆေးအနေနဲ့ အသုံးပြုတဲ့ ဆေးပြားကိုတော့ တားမြစ်ချက်ကနေ ကင်းလွတ်ခွင့်ရပြီး၊ သန္ဓေသားက သေစေနိုင်တဲ့ မူမမှန်မှု ရှိတယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ရင် ခြွင်းချက် အနေနဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ ခွင့်ပြုထားတယ်လို့သိရပါတယ်။
တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ရာဇဝတ်မှု အနေနဲ့ သတ်မှတ်ခံရမှာဖြစ်ပြီး၊ ထောင်ဒဏ် ခြောက်လနဲ့ ငွေဒဏ် ဒေါ်လာ ၉၀၀၀ အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ဒီဥပဒေကို လက်မှတ်ရေးထိုးချိန် အုပ်ချုပ်ရေးမှူးရဲ့ ဆုံးဖြတ်ချက်ကို ဝိုင်ယိုမင်း ACLU ရှေ့နေချုပ် အန်တိုနီယိုဆာရန်နိုကထုတ်ပြန်ချက်တစ်ခုမှာ "နိုင်ငံရေးမဟုတ်ပဲ လူတစ်ယောက်ရဲ့ ကိုယ်ဝန်ဖျက်ချဖို့အပါအဝင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဆေးဘက်ဆိုင်ရာက လမ်းညွှန်သင့်တယ်" လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
အရီဇိုးနား၊ အင်ဒီယားနား၊ မွန်တာနာ၊ အိုဟိုင်းရိုး၊ တောင်ကယ်ရိုလိုင်းနား၊ ယူးထာနဲ့ ဝိုင်ယိုမင်း ပြည်နယ်တို့မှာ ကိုယ်ဝန်ဖျက်ချမှု တားမြစ်ချက် ဒါမှမဟုတ် ပြင်းထန်တဲ့ ကန့်သတ်ချက်တွေကို တရားရုံးကဆိုင်းငံ့ထားပြီး၊ အိုင်ဒါဟို တရားရုံးကတော့ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ ကိုယ်ဝန်ဖျက်ချတာကို ခွင့်ပြုဖို့ ပြည်နယ်ကို ဖိအားပေးခဲ့ပါတယ်။
Source - The Guardian