တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနောက်တောင်ပိုင်း လင်ကျိမြို့မှာ နှင်းပြိုကျလို့ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ CCTV က ဇန်နဝါရီ ၁၉ ရက်မှာ ဖော်ပြပါတယ်။
ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်ဆယ်ယူရာမှာ အကူအညီပေးဖို့ ကြီးကြပ်ရေးအဖွဲ့တဖွဲ့ကို တရုတ်အစိုးရက စေလွှတ်ခဲ့ပါတယ်။
မိန်းလင်ခရိုင်က ပိုင်ရွာနဲ့ မို့ထိုးခရိုင်က ဒို့လျှိုလ ဥမင်လိုဏ်ခေါင်းအထွက် လမ်းကြားမှာ နှင်းထုပြိုကျခဲ့တာဖြစ်ပြီး ပျောက်ဆုံးသူ ဘယ်လောက်ရှိလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒေသဆိုင်ရာ အာဏာပိုင်တွေက အခင်းဖြစ်ပွားရာဆီ လူ ၁၃၁ ဦးနဲ့ ယာဉ် ၂၈ စီးတို့ကို ညတွင်းချင်း စေလွှတ်ခဲ့တယ်လို့ တရုတ် Global Times သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်နိုင်ငံရဲ့ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း လုပ်ငန်းအဖွဲ့တဖွဲ့ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီ စေလွှတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့အနောက်တောင်ပိုင်းက တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တကျော့ပြန် ကူးစက်နေတာကို နှိမ်နင်းဖို့ နိုင်ငံတဝန်းက ဆေးဘက်ဆိုင်ရာ အသင်း အဖွဲ့တွေ အမြန်သွား နေကြတယ်လို့ တရုတ်အစိုးရရုပ်သံ စီစီတီဗီက ဩဂုတ် ၁၄ ရက်မှာ ဖော်ပြပါတယ်။
အရင်အပတ်ကစပြီး ဩဂုတ် ၁၃ ရက်မွန်းလွဲပိုင်းအထိ နောက်ဆုံး ကူးစက်မှုအတွင်း တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကိုဗစ်-၁၉ ကူးစက်ခံ အတည်ပြုလူနာ ၃၂ယောက်နဲ့ ရောဂါ လက္ခဏာမပြတဲ့လူ ၂၀၇ ယောက် ရှိတယ်လို့ သိရပါတယ်။
ပြည်လုံးကျွတ် အကူအညီတွေနဲ့ ကပ်ဘေးကို ထိန်းသိမ်းဖို့ ဒေသန္တရအာဏာပိုင်တွေက ကြိုးစားနေပါတယ်။
မတူခြားနားတဲ့ ပညာရှင်တွေအပါအဝင် ဆေးပညာရှင် ၂၀၇ ပါတဲ့ တရုတ်အရှေ့ပိုင်း ကျန်စု ပြည်နယ်က ဆေးဘက်အဖွဲ့တဖွဲ့ကတော့ တိဘက်မြို့တော် လာဆာကို ဩဂုတ် ၁၁ ရက် နှောင်းပိုင်းမှာ ရောက်လာပါတယ်။
သူတို့က လာမယ့် သီတင်းပတ်အတွင်း ဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ကူညီမယ်လို့ စီစီတီဗီက ပြောပါတယ်။
တိဘက်မှာ ဆေးဝါးအရင်းအမြစ်တွေ ပြတ်လပ်နေပြီး ရှန်တုံး၊ ဟေလောင်ကျန်းနဲ့ ကွမ်တုံ ပြည်နယ်တွေအပါအဝင် ပြည်နယ်အသီးသီးက ဆေးဘက်အဖွဲ့တွေ တိဘက်ကို ကူညီဖို့ ရောက်လာကြပြီလို့လည်း စီစီတီဗီက ဖော်ပြပါတယ်။
တိဘက်ဟာ သီးခြား တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုအတွက် နာမည်ကြီးလို့ လူကြိုက်များတဲ့ ခရီးသွားအပန်းဖြေနေရာလည်း ဖြစ်ပါတယ်။
ကူးစက်ကပ်ဘေးဟာ ခရီးသွားလုပ်ငန်းကို မလွှဲမရှောင်သာ သက်ရောက်မှာဖြစ်ပေမဲ့ လာဆာ မြို့တော်ကို အသွားအပြန် ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ် အားလုံးကတော့ ပုံမှန် လည်ပတ်နေပါတယ်။