တိဘက်တွင် နှင်းပြိုကျပြီး လူ ၈ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနောက်တောင်ပိုင်း လင်ကျိမြို့မှာ နှင်းပြိုကျလို့ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ CCTV က ဇန်နဝါရီ ၁၉ ရက်မှာ ဖော်ပြပါတယ်။
ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်ဆယ်ယူရာမှာ အကူအညီပေးဖို့ ကြီးကြပ်ရေးအဖွဲ့တဖွဲ့ကို တရုတ်အစိုးရက စေလွှတ်ခဲ့ပါတယ်။
မိန်းလင်ခရိုင်က ပိုင်ရွာနဲ့ မို့ထိုးခရိုင်က ဒို့လျှိုလ ဥမင်လိုဏ်ခေါင်းအထွက် လမ်းကြားမှာ နှင်းထုပြိုကျခဲ့တာဖြစ်ပြီး ပျောက်ဆုံးသူ ဘယ်လောက်ရှိလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒေသဆိုင်ရာ အာဏာပိုင်တွေက အခင်းဖြစ်ပွားရာဆီ လူ ၁၃၁ ဦးနဲ့ ယာဉ် ၂၈ စီးတို့ကို ညတွင်းချင်း စေလွှတ်ခဲ့တယ်လို့ တရုတ် Global Times သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်နိုင်ငံရဲ့ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း လုပ်ငန်းအဖွဲ့တဖွဲ့ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီ စေလွှတ်ခဲ့ပါတယ်။