အမေရိကန်နိုင်ငံ ဖီလဒယ်ဖီးယားမြို့က တိုက်ခန်းတွဲ အဆောက်အအုံမှာ ဇန်နဝါရီ ၅ ရက် မနက် အစောပိုင်းက မီးလောင်ကျွမ်းခဲ့မှုကြောင့် ကလေး ၇ယောက် အပါအဝင် လူ ၁၃ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ ဖီလဒယ်ဖီးယား မီးသတ်ဌာနက ပြောပါတယ်၊
မီးသတ်သမားတွေဟာ ဒေသစံတော်ချိန် မနက် ၆နာရီ မိနစ် လေးဆယ်လောက်မှာ ရောက်လာပြီး ၃ ထပ်တိုက်ရဲ့ ဒုတိယထပ်မှာ လောင်နေတဲ့မီးကို မိနစ် ငါးဆယ်ကြာ ငြှိမ်းသတ်ခဲ့ရတာပါ။
ဒီအဆောက်အအုံဟာ မြို့ရဲ့ ဖဲယားမောင့်ရပ်ကွက်မှာရှိပြီး အများပြည်သူဆိုင်ရာ အိုးအိမ် ဦးစီးဌာနက ပိုင်ပါတယ်။
အဆောက်အအုံရဲ့ ထွက်ပေါက် ၂ ခုထဲက တခုကနေ လူ ၈ ယောက်က ထွက်ပြေးလွတ်မြောက် ခဲ့တယ်လို့ မြို့ရဲ့ ဒု မီးသတ် ကော်မရှင်နာမင်းကြီး ခရေ့ချ် မာဖီက သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးသူ အရေအတွက် အပြောင်းအလဲ ရှိနိုင်တယ်လို့လဲ မီးသတ် အရာရှိတွေက ပြောပါတယ်။ ကလေးတယောက်နဲ့ အရွယ်ရောက်ပြီးသူ တယောက်ကိုတော့ ရှေးဦးသူနာပြုတွေက အနားက ဆေးရုံတွေဆီ ခေါ်သွားခဲ့ပါတယ်။
အဆောက်အအုံမှာ မီးခိုးထောက်လှမ်းစက် လေးလုံး တပ်ဆင်ထားပေမယ့် တခုမှ အလုပ်မလုပ်ဘူး လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
အဆောက်အအုံဟာ မိသားစု ၂ စုနေဖို့ ဆောက်ထားတာဖြစ်ပြီး မီးလောင်ချိန်မှာ လူ ၂၆ ယောက် နေထိုင်ကြတယ်လို့ အိုးအိမ် ဦးစီးဌာန ဒုဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အီတလီနိုင်ငံ၊ မီလန်မြို့က တိုက်ခန်းတွဲ တစ်ခုမှာ သြဂုတ် ၂၉ ရက်က မီးအကြီးအကျယ် လောင်ခဲ့တယ်လို့ မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ပြောပါတယ်။
မီးဟာ အထပ် ၂၀ အဆောက်အအုံရဲ့ အပေါ်ပိုင်းအထပ်တွေက စတင် လောင်ကျွမ်းခဲ့ပြီး အောက်ထပ်တွေဆီကို ကူးစက်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
ထိန်းမနိုင်သိမ်းမရ လောင်နေတဲ့ မီးအတွင်း အနားမှာ ရပ်ထားတဲ့ ကားအစီး ၂၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
သေဆုံး ဒဏ်ရာရသူ မရှိဘဲ တိုက်မှာ နေသူ အားလုံးကို ဘေးကင်းရာ အောင်အောင်မြင်မြင် ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ မြို့တော်ဝန်ကို ကိုးကားပြီး ဒေသခံသတင်းမီဒီယာတွေက ရေသား ဖော်ပြပါတယ်။