close

တိုက်ချင်းပစ်ဒုံးကျည်

close

April 14, 2023

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဟွာဆောင်း-၁၈ ကို စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားဟာ သူ့နိုင်ငံရဲ့နျူကလီးယား တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာမြှင့်တင်ဖို့အတွက် လောင်စာတောင့်တင် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဟွာဆောင်း-၁၈ ကို စမ်းသပ်ခဲ့ပြီးတော့ ဒါဟာ ရန်သူတွေကို  အဆုံးစွန် စိတ်မသက်မသာ ဖြစ်စေဖို့ အကြောက်တရားသတိပေးချက်ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာကနေ ပြောကြားလိုက်ပါတယ်။

မြောက်ကိုးရီးယားဟာ မော်ဒယ်အသစ်ဖြစ်ပုံရတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဧပြီလ ၁၃ ရက် ကြာသပတေးနေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားလိုက်ပြီး ဂျပန်နိုင်ငံမြောက်ပိုင်းမှာလည်း ကြောက်လန့်သွားခဲ့ကြလို့ ဟော့ကိုင်းဒိုးဒေသခံတွေကို အကာအကွယ်ယူကြဖို့ အစောပိုင်းမှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

ပြုံယမ်းမြို့တော်အနီးကနေ ပစ်လွှတ်လိုက်တဲ့ အဲဒီဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ လောက် အကွာအဝေးကို ပျံသန်းခဲ့ပြီး မြောက်ကိုရီးယား အရှေ့ဘက် ရေပြင်မှာ ဆင်းသက်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံပိုင်မီဒီယာ KCNA မှ ဖော်ပြလာတဲ့ ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ လမ်းညွှန်မှုအောက်မှာ ဒုံးကျည်ပစ်လွှတ်နေတဲ့  ဓာတ်ပုံတွေထဲမှာ သူ့သမီး ကင်မ်ဂျူအဲ ရဲ့ ပုံတွေကိုလည်း ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။

သူ့ဇနီးနဲ့ သူ့ညီမ တို့ကိုလည်း ဓာတ်ပုံတွေထဲမှာ တွေ့မြင်ရပါတယ်။ တိုက်ချင်းပစ်ဒုံးပျံ  အမျိုးအစားသစ် ဟွာဆောင်း-၁၈ ဟာ မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမြောက် ဟန့်တားမှု အစိတ်အပိုင်းတွေကို ပြုပြင်ပြောင်းလဲမှာဖြစ်ပြီး သူ့ရဲ့နျူကလီးယား တန်ပြန်တိုက်ခိုက်ရေးပုံစံရဲ့ ထိရောက်မှုကို မြှင့်တင်ပေးလိမ့်မှာ ဖြစ်ကြောင်း KCNA က ပြောပါတယ်။ 

လေ့လာသူတွေကတော့ မြောက်ကိုရီးယားဟာ တာလတ်ပစ် သို့မဟုတ် တိုက်ချင်းပစ် ဒုံးကျည်မှာ လောင်စာတောင့်ကို ပထမဆုံးအသုံးပြုတာကို အမှတ်အသား ပြုရလိမ့်မယ် လို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ စစ်ပွဲဖြစ်လာရင် သူ့ရဲ့ဒုံးကျည်တွေကို ပိုပြီးမြန်မြန်ဆန်ဆန် နေရာ ဖြန့်ကြက်ထားနိုင်အောင် ကူညီပေးနိုင်တာကြောင့် လောင်စာခဲသုံး ICBM ကို တီထွင်ရေးဟာ မြောက်ကိုရီးယားအတွက် အဓိကပန်းတိုင်အဖြစ် ကြာမြင့်စွာကတည်းက မြင်ထားတာ ဖြစ်ပါတယ်။

56 mins Ago

March 16, 2023

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားဟာ မတ်လ ၁၆ ရက် အစောပိုင်းက ပြုံယမ်းမြို့အနီးကနေ အရှေ့ဘက်ကို တိုက်ချင်းပစ်ဒုံးကျည် (ICBM) ၁ စင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီပစ်လွှတ်မှုဟာ နျူးကလီးယားလက်နက် ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားကို တန်ပြန်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် တိုကျိုမြို့ကို လေယာဉ်ခရီး မစတင်ခင် နာရီပိုင်းလောက်မှာ လုပ်ဆောင်ခဲ့တာပါ။

“ဒီနေ့ကျင်းပတဲ့ ဂျပန်-တောင်ကိုရီးယား ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ ပြီးပြည့်စုံတဲ့ နျူးကလီးယားကင်းစင်ရေးကို ဦးတည်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုသွားမှာဖြစ်ကြောင်း” ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟီရိုကာဇု မတ်ဆုနိုက သတင်းထောက်တွေကို ပြောပါတယ်။

ပြုံယမ်းက ရန်လိုတဲ့လုပ်ရပ်အဖြစ် ရှုတ်ချထားတဲ့ စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲလုပ်ဆောင်နေတဲ့ကြားကပဲ မြောက်ကိုရီးယားဟာ အခုသီတင်းပတ်အတွင်း ဒုံးကျည်အများအပြား ပစ်လွှတ်နေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် (ICBM) ပစ်လွှတ်မှုကို မတ်လ ၁၆ ရက်က ရှုတ်ချလိုက်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။

“ဒီနေ့ သမ္မတ ယွန်းဆွတ်ခ်ယိုး ဂျပန်နိုင်ငံကို မလာရောက်မီလေးမှာပဲ မြောက်ကိုရီးယားက တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်တာကို ကျနော်တို့အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းမ်ဆူဆွတ်ခ်က ပြောပါတယ်။

ဒီကနေ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် အပါအဝင် မြောက်ကိုရီးယားရဲ့ မကြာသေးမီက ဆက်တိုက်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အများအပြားကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခဲ့တာဖြစ်ကြောင်းနဲ့ ဒါဟာ ဒေသတွင်း တင်းမာမှုတွေ ပြင်းထန်လာစေတဲ့ အဓိက ရန်စမှုတခုလည်းဖြစ်ကြောင်း ပြောပါတယ်။

ခိုင်မာတဲ့ တောင်ကိုရီးယား-အမေရိကန် ပူးတွဲကာကွယ်ရေး ရပ်တည်ချက်ကို ထိန်းသိမ်းထားသမျှ တောင်ကိုရီးယားအစိုးရဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ လက်တွဲလုပ်ဆောင်မှာဖြစ်ပြီး တရားမဝင် ရန်စမှုတွေကနေတဆင့် ဘာကိုမှ မရနိုင်ကြောင်းကို မြောက်ကိုရီးယားက သေချာ နားလည်သဘောပေါက်အောင် အခိုင်အမာ တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းမ်ဆူးဆွခ်က ပြောပါတယ်။

4 weeks Ago
Up