မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဟွာဆောင်း-၁၈ ကို စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားဟာ သူ့နိုင်ငံရဲ့နျူကလီးယား တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာမြှင့်တင်ဖို့အတွက် လောင်စာတောင့်တင် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဟွာဆောင်း-၁၈ ကို စမ်းသပ်ခဲ့ပြီးတော့ ဒါဟာ ရန်သူတွေကို အဆုံးစွန် စိတ်မသက်မသာ ဖြစ်စေဖို့ အကြောက်တရားသတိပေးချက်ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာကနေ ပြောကြားလိုက်ပါတယ်။
မြောက်ကိုးရီးယားဟာ မော်ဒယ်အသစ်ဖြစ်ပုံရတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဧပြီလ ၁၃ ရက် ကြာသပတေးနေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားလိုက်ပြီး ဂျပန်နိုင်ငံမြောက်ပိုင်းမှာလည်း ကြောက်လန့်သွားခဲ့ကြလို့ ဟော့ကိုင်းဒိုးဒေသခံတွေကို အကာအကွယ်ယူကြဖို့ အစောပိုင်းမှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ပြုံယမ်းမြို့တော်အနီးကနေ ပစ်လွှတ်လိုက်တဲ့ အဲဒီဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ လောက် အကွာအဝေးကို ပျံသန်းခဲ့ပြီး မြောက်ကိုရီးယား အရှေ့ဘက် ရေပြင်မှာ ဆင်းသက်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
နိုင်ငံပိုင်မီဒီယာ KCNA မှ ဖော်ပြလာတဲ့ ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ လမ်းညွှန်မှုအောက်မှာ ဒုံးကျည်ပစ်လွှတ်နေတဲ့ ဓာတ်ပုံတွေထဲမှာ သူ့သမီး ကင်မ်ဂျူအဲ ရဲ့ ပုံတွေကိုလည်း ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။
သူ့ဇနီးနဲ့ သူ့ညီမ တို့ကိုလည်း ဓာတ်ပုံတွေထဲမှာ တွေ့မြင်ရပါတယ်။ တိုက်ချင်းပစ်ဒုံးပျံ အမျိုးအစားသစ် ဟွာဆောင်း-၁၈ ဟာ မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမြောက် ဟန့်တားမှု အစိတ်အပိုင်းတွေကို ပြုပြင်ပြောင်းလဲမှာဖြစ်ပြီး သူ့ရဲ့နျူကလီးယား တန်ပြန်တိုက်ခိုက်ရေးပုံစံရဲ့ ထိရောက်မှုကို မြှင့်တင်ပေးလိမ့်မှာ ဖြစ်ကြောင်း KCNA က ပြောပါတယ်။
လေ့လာသူတွေကတော့ မြောက်ကိုရီးယားဟာ တာလတ်ပစ် သို့မဟုတ် တိုက်ချင်းပစ် ဒုံးကျည်မှာ လောင်စာတောင့်ကို ပထမဆုံးအသုံးပြုတာကို အမှတ်အသား ပြုရလိမ့်မယ် လို့ ပြောပါတယ်။
မြောက်ကိုရီးယားဟာ စစ်ပွဲဖြစ်လာရင် သူ့ရဲ့ဒုံးကျည်တွေကို ပိုပြီးမြန်မြန်ဆန်ဆန် နေရာ ဖြန့်ကြက်ထားနိုင်အောင် ကူညီပေးနိုင်တာကြောင့် လောင်စာခဲသုံး ICBM ကို တီထွင်ရေးဟာ မြောက်ကိုရီးယားအတွက် အဓိကပန်းတိုင်အဖြစ် ကြာမြင့်စွာကတည်းက မြင်ထားတာ ဖြစ်ပါတယ်။