ဒီနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေမှာ မန်စီးတီးက လိုက်ပ်ဇစ်ကို (၇-၀) ဂိုးနဲ့အနိုင်ရပြီး ပေါ်တိုနဲ့ အင်တာမီလန်တို့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေကျသွားပါတယ်။
မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ပွဲမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းက တယောက်တည်း ၅ ဂိုးသွင်းယူခဲ့ပြီး ဥရောပချန်ပီယံလိဂ်ပွဲစဉ်တပွဲမှာ သွင်းဂိုး ၅ ဂိုးထိသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
မန်စီးတီးအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ တဖက်တဂိုးစီသရေကျထားလို့ နှစ်ကျော့ပေါင်းရလဒ် (၈-၁) ဂိုးနဲ့ နောက်တဆင့် ကွာတားဖိုင်နယ်တက်သွားသလို အင်တာမီလန်ကလည်း ပထမအကျော့မှာ (၁-၀)ဂိုးနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလဒ် (၁-၀) ဂိုးနဲ့ ကွာတားဖိုင်နယ်တက်သွားပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ တစ်ရာသီအတွင်း ဂိုး ၅၀ အထိသွင်းယူနိုင်ကြောင်း ပြင်သစ် တိုက်စစ်မှူးဟောင်းအွန်နရီက ခန့်မှန်းပြောပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ် ၁၄ ပွဲမှာပဲ ၁၈ ဂိုးသွင်း ယူထားပြီး ပြိုင်ပွဲစုံမှာ ၂၃ ဂိုးအထိ သွင်းယူထားတာပါ။
ဟာလန်းဟာ ဟိုတုန်းက တိုက်စစ်မှူးတွေလို စွမ်းဆောင်ရည်မျိုးရှိပြီး မန်စီးတီးအသင်းရဲ့ အခွင့်အရေးဖန်တီးနိုင်မှုအရ တစ်ပွဲတည်း ၆ ဂိုးအထိပါ သွင်းယူနိုင်စွမ်းရှိကြောင်း အွန်နရီကချီးကျူးခဲ့တာပါ။
ဒါ့အပြင် ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုး ၅၀ မရနိုင်ပေမယ့် ပြိုင်ပွဲစုံမှာတော့ ဂိုး ၅၀ အထိသွင်းယူနိုင်လိမ့်မယ်လို့ အွန်နရီကပြောပါတယ်။
ဟာလန်းရဲ့ ကစားပုံဟာ အရင်ခေတ်က တိုက်စစ်မှူးတွေဖြစ်တဲ့ အလန်ရှီးယား၊ ဂယ်ရီလိုင်နီကာ၊ ဂတ်မူလာ၊ ပါအိုလိုရော့စီနဲ့ အင်ဇာဂီတို့နဲ့ တူညီကြောင်းလည်း အွန်နရီကချီးကျူးခဲ့ပါတယ်။