close

တိုကျိုတရားရုံး

close

December 1, 2022

လိင်တူလက်ထပ်ထိမ်းမြားမှု တားမြစ်ချက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီဟု တိုကျိုတရားရုံး အမိန့်ချ

ဂျပန်နိုင်ငံ တိုကျိုမြို့တရားရုံးက လိင်တူလက်ထပ်ထိမ်းမြားမှု တားမြစ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိတယ်လို့ နိုဝင်ဘာ ၃၀ ရက်က အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီလိုအမိန့်ချမှတ်ခဲ့ပေမဲ့ လိင်တူစုံတွဲမိသားစုတွေအပေါ်မှာ ဥပဒေကြောင်းအရ အကာအကွယ် မရှိတာကလည်း လူအခွင့်အရေးချိုးဖောက်ရာ ကျတယ်လို့ တရားရုံးက မှတ်ချက်ပေးခဲ့တာကြောင့် တရားလိုတွေဘက်က ကြိုဆိုခဲ့ပါတယ်။

အမှုမှာ လူ ၈ ဦး ပါဝင်တဲ့ စုံတွဲ ၄ တွဲက ထိခိုက်နစ်နာမှုတွေအတွက် ယန်း ၁ သန်း (ဒေါ်လာ ၇,၀၀၀ ကျော်) ကို တရားရုံးမှာ အသီးသီး ဦးတိုက်လျှောက်ထား တောင်းဆိုခဲ့တာဖြစ်ပြီး တရားရုံးက ပယ်ချခဲ့ပါတယ်။

တရားရုံးက အမိန့်ဖတ်ကြားပြီးနောက် ရုံးအပြင်ဘက်က လှုံ့ဆော်စာတမ်းတွေ ကိုင်ဆောင်ထားတဲ့ အဖွဲ့ကလည်း “ဒါဟာ လက်ထပ်ထိမ်းမြားမှုဆိုင်ရာ တန်းတူညီမျှရေးအတွက် တိုးတက်မှု” ရှိခဲ့တာကြောင့် သူတို့အတွက် အားတက်စေတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လက်ထပ်ထိမ်းမြားမှုဟာ “လိင် ၂ မျိုးစလုံးရဲ့ အပြန်အလှန် သဘောတူညီမှု” လို့ အနက်ဖွင့်ဆိုထားပြီး G7 အဖွဲ့ဝင်နိုင်ငံတွေထဲမှာ လိင်တူလက်ထပ်မှုကို ခွင့်ပြုထားခြင်းမရှိတဲ့ တခုတည်းသောနိုင်ငံလည်း ဖြစ်ပါတယ်။

5 mins Ago

December 16, 2020

တွစ်တာကနေ ဆက်သွယ်ပြီး လူ ၉ ဦး သတ်ခဲ့သည့် တရားခံကို တိုကျိုတရားရုံးက သေဒဏ်ပေး

၂၀၁၇ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ တွစ်တာကတဆင့် ဆက်သွယ်ပြီး လူ ၉ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို တိုကျိုတရားရုံးက ဒီဇင်ဘာ ၁၅ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။  လူသတ်မှု၊  လူသေအလောင်း ၉ ခုကို အပိုင်းပိုင်းခုတ်ပြီး တိုကျိုဆင်ခြေဖုံးက သူ့ရဲ့ တိုက်ခန်းထဲမှာ ဝှက်ထားမှုတို့အတွက် အသက် ၃၀ အရွယ် တာကာရှီရိုရှီရာအီရှီဟာ  အပြစ်ရှိတယ်လို့  အစီရင်ခံစာက ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုတယ်လို့ ပြောကြားခဲ့သူတွေကို ရှီရာအီရှီက တွစ်တာကနေ ဆက်သွယ်ပြီး သူတို့ကို ကူညီပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ ဂျီဂျီ သတင်းအေဂျင်စီက ပြောပါတယ်။ ဒါကြောင့် ရှီရာအီရှီကို ‘Twitter killer’ ဆိုပြီးလည်း လူသိများပါတယ်။ သူ့ရဲ့ ရှေ့နေကတော့ ရှီရာအီရှီဟာ သေဆုံးခဲ့သူတွေရဲ့ ခွ့င်ပြုချက်နဲ့အညီ ပြုလုပ်ခဲ့တယ်ဆိုပြီး လျှောက်လဲခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း တရားသူကြီး နာအိုခွန်နီယန်နိုက သေဆုံးသူတွေဟာ သူတို့ဆန္ဒနဲ့ အသတ်ခံရတာ မဟုတ်ဘဲ ရှီရာအီရှီဟာ စိတ်ကျန်းမာရေးကောင်းမွန်ပြီး လူသတ်မှုတွေအတွက် ပြစ်ဒဏ်ခံယူထိုက်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီအမှုမှာ သေဒဏ်ပေးထိုက်တယ်လို့လည်း တိုကျိုမြို့သူမြို့သားတချို့က ရိုက်တာကို ပြောပါတယ်။  တရားခံ ရှီရာအီရှီကလည်း သေဒဏ်ချမှတ်ရင်တောင်မှ အယူခံမဝင်ဘူးဆိုပြီး ရုံးတင် မစစ်ဆေးမီက ပြောဆိုခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။
2 years Ago
Up