လိင်တူလက်ထပ်ထိမ်းမြားမှု တားမြစ်ချက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီဟု တိုကျိုတရားရုံး အမိန့်ချ

ဂျပန်နိုင်ငံ တိုကျိုမြို့တရားရုံးက လိင်တူလက်ထပ်ထိမ်းမြားမှု တားမြစ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိတယ်လို့ နိုဝင်ဘာ ၃၀ ရက်က အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီလိုအမိန့်ချမှတ်ခဲ့ပေမဲ့ လိင်တူစုံတွဲမိသားစုတွေအပေါ်မှာ ဥပဒေကြောင်းအရ အကာအကွယ် မရှိတာကလည်း လူအခွင့်အရေးချိုးဖောက်ရာ ကျတယ်လို့ တရားရုံးက မှတ်ချက်ပေးခဲ့တာကြောင့် တရားလိုတွေဘက်က ကြိုဆိုခဲ့ပါတယ်။
အမှုမှာ လူ ၈ ဦး ပါဝင်တဲ့ စုံတွဲ ၄ တွဲက ထိခိုက်နစ်နာမှုတွေအတွက် ယန်း ၁ သန်း (ဒေါ်လာ ၇,၀၀၀ ကျော်) ကို တရားရုံးမှာ အသီးသီး ဦးတိုက်လျှောက်ထား တောင်းဆိုခဲ့တာဖြစ်ပြီး တရားရုံးက ပယ်ချခဲ့ပါတယ်။
တရားရုံးက အမိန့်ဖတ်ကြားပြီးနောက် ရုံးအပြင်ဘက်က လှုံ့ဆော်စာတမ်းတွေ ကိုင်ဆောင်ထားတဲ့ အဖွဲ့ကလည်း “ဒါဟာ လက်ထပ်ထိမ်းမြားမှုဆိုင်ရာ တန်းတူညီမျှရေးအတွက် တိုးတက်မှု” ရှိခဲ့တာကြောင့် သူတို့အတွက် အားတက်စေတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လက်ထပ်ထိမ်းမြားမှုဟာ “လိင် ၂ မျိုးစလုံးရဲ့ အပြန်အလှန် သဘောတူညီမှု” လို့ အနက်ဖွင့်ဆိုထားပြီး G7 အဖွဲ့ဝင်နိုင်ငံတွေထဲမှာ လိင်တူလက်ထပ်မှုကို ခွင့်ပြုထားခြင်းမရှိတဲ့ တခုတည်းသောနိုင်ငံလည်း ဖြစ်ပါတယ်။