ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ နာရီစတိုးဆိုင်ကို မေ ၈ ရက်က ဓားပြလာတိုက်တဲ့ ဆယ်ကျော်သက် ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဂျပန်အများပြည်သူပိုင်ရုပ်သံလိုင်း NHK က ကြေညာပါတယ်။
အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြား အမျိုးသားလေးဦးကို ရဲတပ်ဖွဲ့က လုယက်မှုနဲ့ ဖမ်းဆီးထားပါတယ်။
တိုကျိုမြို့ရဲ့ သူဌေးနယ်မြေလို့ နာမည်ကြီးတဲ့ ဂင်ဇာခရိုင်ရဲ့ မိန်းလမ်းမကြီးမှာ ဖွင့်ထားတဲ့ တန်ဖိုးကြီး ဇိမ်ခံနာရီဆိုင်တဆိုင်ကို အမျိုးသားအများအပြားက လုယက်သွားတာလို့ ဆိုပါတယ်။
ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ အမျိုးသားတွေဟာ ဆိုင်ထဲကို အလောတကြီး ဝင်သွားကြပြီး ဆိုင်ရှင်တွေကို ဓားနဲ့ခြိမ်းခြောက်ပြီးတော့ ခင်းကျင်းပြသထားတဲ့ နာရီတွေကို ခိုးယူဖို့ ရှိုးကေ့စ်တွေကိုလည်း ရိုက်ခွဲခဲ့တာပါ။
နာရီဆိုင်ကနေ ရှောင်ပြေးဖို့ အသုံးပြုတဲ့ အဖြူရောင်မော်တော်ယာဉ်ကို ၂ မိုင်လောက်အကွာက တိုကျိုတိုက်ခန်းတခန်းရှေ့မှာ ရပ်နားထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဓာတုစက်ရုံ နှစ်ထပ်အဆောက်အဦဟာ ဒီဇင်ဘာ ၂၇ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးနားရှိ အဆောက်အအုံတွေဆီ မီးက ပျံ့နှံ့သွားပါတယ်။
ဆိုရှယ်မီဒီယာပေါ်တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ မီးလောင်နေတဲ့ အဆောက်အဦကနေ မီးခိုးလုံးကြီး အကြီးကြီး ထွက်လာတာကို တွေ့ရပါတယ်။
အထင်ကရ Tokyo Skytree အဆောက်အဦကနေ ခန့်မှန်းခြေ ၂ ဒသမ ၈ ကီလိုမီတာ ကွာဝေးတဲ့နေရာမှာ လောင်နေတာဖြစ်ပြီး အဝေးက ဒေသခံတွေဟာ မီးလောင်မှုကို လှမ်းမျှော်ကြည့်နေကြတာပါ။
ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်က ဆပ်ပြာရည်ထုတ်လုပ်တဲ့ ဓာတုဗေဒစက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပြီးနောက် အနီးနားရှိ အဆောက်အအုံတွေကို မီးကူးစက်ခဲ့ကာ စုစုပေါင်း အဆောက်အအုံ ၅ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း NHK သတင်းကနေ သိရပါတယ်။
ဒေသခံတွေကို အနီးနားရှိ ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးဖို့ တောင်းဆိုထားပါတယ်။ NHK ရဲ့ ပြောကြားချက်အရ လူသေဆုံးမှုမရှိကြောင်းနဲ့ စက်ရုံအတွင်း မီးခိုးငွေ့တွေ ရှူရှိုက်မိပြီးနောက် စက်ရုံအလုပ်သမားတဦးသာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။