အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မေ ၄ ရက်က အိမ်ဖြူတော်မှာ နိုင်ငံကိုယ်စားပြု အိုလံပစ် အားကစားသမားတွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။
ဒီထဲမှာ ၂၀၂၀ တိုကျို နွေရာသီအိုလံပစ်နဲ့ ၂၀၂၂ ဘေဂျင်း ဆောင်းရာသီအိုလံပစ် အားကစားသမားတွေလည်း ပါဝင်ပါတယ်။ ဒီအားကစားသမားတွေကြောင့် တနိုင်ငံလုံး စိတ်အားတက်ကြွခဲ့ရတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ချီးကျူးစကား ဆိုပါတယ်။
နိုင်ငံကိုယ်စားပြု အားကစားသမားတွေဟာ စိတ်ဝမ်းကွဲနေတဲ့ နိုင်ငံကို စည်းလုံးညီညွတ်မှု ရစေတယ်လို့လည်း ပြောပါတယ်။
"ကျနော်တို့နိုင်ငံဟာ အတွေးအခေါ်မတူဘဲ စိတ်ဝမ်းကွဲနေကြတယ်။ ဒါပေမဲ့ ဒီအားကစားသမားတွေက အားလုံးကို ညီညွတ်စေခဲ့တယ်။ ဘယ်အုပ်စုကလူပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံက အားကစားသမားတွေ ယှဉ်ပြိုင်နေတာကို မြင့်တဲ့အချိန်မှာ ယူအက်စ်အေဆိုတဲ့ စာလုံးသုံးလုံးကိုပဲ မြင်ပြီး ဂုဏ်ယူစိတ်တွေ ပေါ်ပေါက်လာစေတယ်" လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောသွားတာပါ။
အိုလံပစ် အားကစားသမားတွေကိုယ်စား ရေခဲပြင်လျှောစီးချန်ပီယံ အီလန်နာ မေယာ တေလာက ကျေးဇူးတင်စကား ပြောကြားပါတယ်။
တိုကျိုအိုလံပစ်တုန်းက ကိုဗစ်ကြောင့် အခက်အခဲတွေ အများကြီး ရှိခဲ့ပေမဲ့ အားကစားသမားတွေဟာ နိုင်ငံကို ဂုဏ်တက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောသွားပါတယ်။
ဒီအခမ်းအနားမှာ သမ္မတနဲ့အတူ သမ္မတကတော် ဒေါက်တာ ဂျေး ဘိုင်ဒင်၊ ဒုတိယသမ္မတ ကင်မလာ ဟားရစ်တို့ စုံတွဲလည်း တက်ရောက်ကြပါတယ်။
ဩဂုတ် ၈ ရက် ဒီကနေ့ ကျင်းပပြီးစီးသွားတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်အသင်းက ရွှေတံဆိပ် ၃၉ ခု၊ ငွေတံဆိပ် ၄၁ ခု၊ ကြေးတံဆိပ် ၃၃ ခုရရှိပြီး စုစုပေါင်း ဆုတံဆိပ် ၁၁၃ ခုနဲ့ နိုင်ငံအလိုက်ထိပ်ဆုံးမှာ ဗိုလ်စွဲသွားပါတယ်။
တရုတ်နိုင်ငံက ရွှေတံဆိပ်ဆု ၃၈ ခု၊ ငွေတံဆိပ် ၃၂ ခု၊ ကြေးတံဆိပ် ၁၈ ခု စုစုပေါင်း ဆုတံဆိပ် ပေါင်း ၈၈ ခုနဲ့ နိုင်ငံအလိုက် ဒုတိယနေရာ ရရှိပါတယ်။
အိမ်ရှင်ဂျပန်ကတော့ ရွှေတံဆိပ် ၂၇ ခု၊ ငွေ ၁၄ ခု ၊ ကြေး ၁၇ ခု ဆုတံဆိပ် စုစုပေါင်း ၅၈ ခုနဲ့ နိုင်ငံအလိုက် တတိယနေရာမှာ ရပ်တည်နေပါတယ်။
ဗြိတိန်က ရွှေတံဆိပ်ဆု ၂၂ ခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၂၂ ခု စုစုပေါင်း ဆုတံဆိပ် ပေါင်း ၆၅ ခုနဲ့ စတုတ္ထနေရာရရှိသွားပါတယ်။
နိုင်ငံအလံသုံးခွင့်မရှိဘဲ အိုလံပစ်အလံတော်အောက်မှာ ROC အမည်နဲ့ ဝင်ပြိုင်ရတဲ့ ရုရှားအိုလံပစ်အသင်းကတော့ ရွှေတံဆိပ်ဆု ၂၀ ခု၊ ငွေတံဆိပ် ၂၈ ခု၊ ကြေးတံဆိပ် ၂၃ ခု စုစုပေါင်း ဆုတံဆိပ်ပေါင်း ၇၁ ခုနဲ့ ပဉ္စမနေရာရရှိသွားပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်က ရွှေ ၁ ခု၊ ငွေ ၂ ခု ၊ ကြေး ၁ ခု စုစုပေါင်း ဆုတံဆိပ် ၄ခုနဲ့ နိုင်ငံအလိုက် အဆင့် ၅၀ မှာရပ်တည်နေပြီး၊ အင်ဒိုနီးရှားက ရွှေ ၁ ခု၊ ငွေ ၁ ခု ၊ ကြေး ၃ ခု စုစုပေါင်း ဆုတံဆိပ် ၅ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၅၅ မှာရပ်တည်နေပါတယ်။ ထိုင်းက ရွှေ ၁ ခု၊ ကြေး ၁ ခု နဲ့ နိုင်ငံအလိုက် အဆင့် ၅၉ ၊ မလေးရှားကတော့ ငွေ ၁ ခု၊ ကြေးတံဆိပ် ၁ ခုရပြီး နိုင်ငံအလိုက် အဆင့် ၇၄ မှာ ရှိနေပါတယ်။
မြန်မာကတော့ အားကစားသမား ၂ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာကြက်တောင် ရိုက် အားကစားမယ် သက်ထားသူဇာက အုပ်စုအဆင့်ကထွက်ခဲ့ရပြီး အမျိုးသား ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ရဲထွန်းနောင်ကလည်း အဆင့် ၁၄ သာရရှိခဲ့ပါတယ်။
၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်နေ့မှ ဩဂုတ် ၈ ရက်အထိ ကျင်းပခဲ့ရာမှာ နိုင်ငံပေါင်း ၂၀၀ လောက်က အားကစားသမားပေါင်း ၁၁,၀၀၀ ကျော်ဟာ အားကစားနည်း ၃၃ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။