close

တိုင်းရင်းသားပါတီ

close

February 8, 2023

UNA မဟာမိတ်အဖွဲ့ဝင်တိုင်းရင်းသားပါတီများ မှတ်ပုံပြန်တင်ရေး မသေချာ

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီမှတ်ပုံပြန်တင်ရေး၊ မတင်ရေး သေချာတဲ့ ဆုံးဖြတ်ချက် မချမှတ်ရသေးပေမယ့် ပါတီအများစုကတော့ ပါတီမှတ်ပုံတင်ပြန်တင်ကြမှာ မဟုတ်ဘူးလို့ သက်ဆိုင်ရာပါတီတွေက ပြောပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီနဲ့ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA အဖွဲ့ဝင် ပါတီတွေအနေနဲ့ ပါတီမှတ်ပုံပြန်တင်မလား မတင်ဘူးလား ဆိုတာကို အခုချိန်ထိ UNA အစည်းအဝေးမပြုလုပ်ရသေးဘူးလို့ဆိုပါတယ်။

UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအနေနဲ့တော့ ဘယ်လိုအာဏာရှင်စနစ်မျိုးကိုမှ မကြိုက်နှစ်သက်တာကြောင့် နိုင်ငံရေးပါတီအဖြစ် အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီမှတ်ပုံ ပြန်တင်မှာ မဟုတ်ဘူးလို့ ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ကပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  အထွေထွေအတွင်းရေးမှူး  ဦးမျိုးကျော်က “အကုန်လုံးတော့အဲမှာ ပါတီအစည်းအဝေးမထိုင်သေးတဲ့အခါကျတော့ တညီတည်း ဆုံးဖြတ်ဖို့ကျတော့ ကျနော့်အနေနဲ့ ပြောလို့မရသေးဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ထဲက ပြန်ပြီးတော့ မှတ်ပုံမတင်ဘူးဆိုတဲ့ ပါတီတချို့တော့ရှိနေတယ်ပေါ့ဗျား။ တချို့တော့ရှိနေပြီဆိုတော့ အကုန်လုံးကို ကိုယ်စားပြုပြီး ပြောဖို့ကျတော့ ကျနော့်အနေနဲ့ဒီအချိန်မှာ ဆုံးဖြတ်ချက်ပေးလို့မရသေးပါဘူး”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ အချက်အလက်တွေအရ နိုင်ငံရေးပါတီတွေအားလုံး ပါတီမှတ်ပုံတင် ပြန်လည်တင်ပြရမှာဖြစ်ပြီး ပါတီမှတ်ပုံတင် ပြန်မတင်တဲ့ နိုင်ငံရေးပါတီတွေက အလိုအလျောက် နိုင်ငံရေးပါတီအဖြစ်ကနေ ပျက်ပြယ်ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုဖော်ပြပါရှိပေမယ့် လူထုက လက်သင့်မခံတဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မှာမဟုတ်ဘဲ ရွေးကောက်ပွဲလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA အဖွဲ့ဝင်ပါတီဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရှိန်းထွန်းက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ လူထုရဲ့သဘောထားအတိုင်းပဲ ကျနော်တို့ သွားမယ်။ ကျနော်တို့ မှတ်ပုံတင်ဖို့လည်း မရှိဘူး။ ပါတီဖျက်ချင်ရင် ဖျက်ပါ။ ရတယ် ကိစ္စမရှိဘူး။ လူထုအနေနဲ့ လူထုသဘောထားအတိုင်း ကျနော်တို့ ရပ်တည်ပါမယ်။ ကျနော်တို့ လုံးဝ ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူး။ ပါတီဖျက် ရတယ်။”

လက်ရှိ UNA အဖွဲ့ဝင်တွေကြားမှာ ပါတီမှတ်ပုံတင်ရေးမတင်ရေးအပြင် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် အဖြစ်ပါဝင်နေတဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ပူဂင့်ကမ်လျန်း ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဖွဲ့ဝင် အဖြစ်ပါဝင်နေတဲ့အတွက် UNA မှာ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ဆက်လက်ပါဝင်ခွင့်ပြု မပြုကိုလည်း ဆွေးနွေးဆုံးဖြတ်ကြဖို့ရှိပါတယ်။

စစ်ကောင်စီ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ နောက်လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ တပါတီတည်းသာ နိုင်ငံတဝန်း ယှဉ်ပြိုင်နိုင်မယ့်ပါတီအဖြစ် ကျန်ရှိနိုင်ပြီး ကျန်တိုင်းရင်းသား ပါတီတွေကတော့ သက်ဆိုင်ရာ ပြည်နယ်တွေမှာသာ ပြည်နယ်လွှတ်တော်လောက်သာ ယှဉ်ပြိုင်နိုင်ဖို့ အခင်းအကျင်းဖန်တီးထားတာလို့ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။

လက်ရှိစစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာထားရသလို နိုင်ငံတဝန်းနယ် မြေတဝက်လောက် ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေမဲ့ မဲစာရင်းအခြေခံဖြစ်တဲ့ အိမ်ထောင်စု စာရင်းတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ကွင်းဆင်းကောက်ယူပြီးသွားပြီလို့  ပြောထားပါတယ်။ 

10 mins Ago

December 27, 2021

PR စနစ်ဆွေးနွေးပွဲ အင်အားကြီးတိုင်းရင်းသားပါတီများ မတက်ရောက်

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကဦးဆောင်ပြီး ရန်ကုန်မှာကျင်းပခဲ့တဲ့ PR စနစ်ဆွေးနွေးပွဲကို  အင်အားကြီးတိုင်းရင်းသားပါတီတွေ မတက်ရောက်ခဲ့ကြဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြုစနစ် PRစနစ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာ ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိဆွေးနွေးပွဲ ကျင်းပခဲ့ကြတာပါ။

PR စနစ်နဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ပါတီအားလုံးက သဘောတူကြပြီး ကော်မရှင်အနေနဲ့ လိုအပ်တဲ့ ဥပဒေ၊ နည်ဥပဒေတွေကို ပြင်ဆင်လိုက်ရင် PRစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်တော့မယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။

ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေကို ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ အင်အားကြီးတိုင်းရင်းသားပါတီကြီးတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၊ ရခိုင်အမျိုးသားပါတီ ANP တို့ကတော့ မတက်ရောက်ခဲ့ကြပါဘူး။

PRစနစ်ဟာ ရှုပ်ထွေးတာကြောင့် အချိန်ယူပြင်ဆင်ရမှာဖြစ်ပြီး အခုလိုမျိုး အလောတကြီးဆောင်ရွက်ရင် တိုင်းပြည်အတွက် အကျိုးမရှိတာတွေပဲ ဖြစ်လာနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီမူဝါဒရေးရာဉီးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကပြောပါတယ်။

စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို  အဓမ္မ ဖျက်သိမ်းကာ အာဏာသိမ်းယူခဲ့ပြီးနောက် အချိုးကျကိုယ်စားပြုစနစ် PRစနစ်နဲ့ ရွေးကောက်ပွဲသစ် ကျင်းပနိုင်ရေး ကြိုးစားပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

အဲဒီနောက် PR နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေကို ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။ အင်အားကြီးတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အဲဒီဆွေးနွေးပွဲတွေကို မတက်သလို သဘောထားလည်းပေးဖို့မရှိဘူးလို့ဆိုပါတယ်။

လက်ရှိအချိန်ဟာ လွှတ်တော်မရှိတဲ့ကာလဖြစ်တဲ့အတွက် PRစနစ်လိုမျိုး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရမယ့် ကိစ္စတွေကို မလုပ်သင့်သေးဘူးလို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

စစ်ကောင်စီက PRစနစ်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ တက်သုတ်ရိုက်ပြင်ဆင်နေတာဟာ သူတို့နဲ့အပေါင်းအပါ ပါတီတွေ အာဏာထိန်းချုပ်ထားနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိတိုင်းပြည်အနေအထားအရတော့ ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိဘူးလို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုအခြေအနေပေါ်မူတည်ပြီး  ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲကျင်းပဖို့ကြိုးစားမယ်လို့  ပြောထားပါတယ်။ 

Photo- MOI

1 year Ago
Up