PR စနစ်ဆွေးနွေးပွဲ အင်အားကြီးတိုင်းရင်းသားပါတီများ မတက်ရောက်

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကဦးဆောင်ပြီး ရန်ကုန်မှာကျင်းပခဲ့တဲ့ PR စနစ်ဆွေးနွေးပွဲကို အင်အားကြီးတိုင်းရင်းသားပါတီတွေ မတက်ရောက်ခဲ့ကြဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြုစနစ် PRစနစ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာ ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိဆွေးနွေးပွဲ ကျင်းပခဲ့ကြတာပါ။
PR စနစ်နဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ပါတီအားလုံးက သဘောတူကြပြီး ကော်မရှင်အနေနဲ့ လိုအပ်တဲ့ ဥပဒေ၊ နည်ဥပဒေတွေကို ပြင်ဆင်လိုက်ရင် PRစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်တော့မယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။
ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေကို ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ အင်အားကြီးတိုင်းရင်းသားပါတီကြီးတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၊ ရခိုင်အမျိုးသားပါတီ ANP တို့ကတော့ မတက်ရောက်ခဲ့ကြပါဘူး။
PRစနစ်ဟာ ရှုပ်ထွေးတာကြောင့် အချိန်ယူပြင်ဆင်ရမှာဖြစ်ပြီး အခုလိုမျိုး အလောတကြီးဆောင်ရွက်ရင် တိုင်းပြည်အတွက် အကျိုးမရှိတာတွေပဲ ဖြစ်လာနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီမူဝါဒရေးရာဉီးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကပြောပါတယ်။
စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အဓမ္မ ဖျက်သိမ်းကာ အာဏာသိမ်းယူခဲ့ပြီးနောက် အချိုးကျကိုယ်စားပြုစနစ် PRစနစ်နဲ့ ရွေးကောက်ပွဲသစ် ကျင်းပနိုင်ရေး ကြိုးစားပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
အဲဒီနောက် PR နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေကို ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။ အင်အားကြီးတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အဲဒီဆွေးနွေးပွဲတွေကို မတက်သလို သဘောထားလည်းပေးဖို့မရှိဘူးလို့ဆိုပါတယ်။
လက်ရှိအချိန်ဟာ လွှတ်တော်မရှိတဲ့ကာလဖြစ်တဲ့အတွက် PRစနစ်လိုမျိုး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရမယ့် ကိစ္စတွေကို မလုပ်သင့်သေးဘူးလို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
စစ်ကောင်စီက PRစနစ်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ တက်သုတ်ရိုက်ပြင်ဆင်နေတာဟာ သူတို့နဲ့အပေါင်းအပါ ပါတီတွေ အာဏာထိန်းချုပ်ထားနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိတိုင်းပြည်အနေအထားအရတော့ ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိဘူးလို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုအခြေအနေပေါ်မူတည်ပြီး ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲကျင်းပဖို့ကြိုးစားမယ်လို့ ပြောထားပါတယ်။
Photo- MOI