ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကား ယာဉ်လိုင်းတချို့ဟာ တရားဝင် ကြိုတင်အသိပေး ကြေညာထားတာမရှိဘဲ ယာဥ်စီးခတွေကို ကျပ် ၄၀၀ ပြောင်းလဲကောက်ယူနေတာရှိတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
ခရီးစဥ်အလိုက် ဟိုနား၊ ဒီနားကို ၂၀၀ ကျပ်နဲ့ ခရီးလမ်းကြောင်းဝေးရင် ၄၀၀ ကျပ်တောင်းတယ်လို့ ဒီနေ့ကိုယ်တိုင်ကြုံရတဲ့ ခရီးသွားတစ်ဦးက ပြောပါတယ်။
"ယာဥ်မောင်းက ဘယ်ကနေ၊ ဘယ်အထိဆို နှစ်ရာ၊ ကျော်ရင် လေးရာဆိုပြီးပြောကောက်တာ ဒီနေ့မှကြုံရတာ"လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ခရီးသွားက ပြောပါတယ်။
သူစီးခဲ့တဲ့ YBS ယာဥ်လိုင်းနံပတ်၂၈ နဲ့ ၂၉ ဟာ အရင်ရက်တွေက ယာဥ်စီး ၂၀၀ ကျပ်သာ ပေးရတဲ့လိုင်းတွေ ဖြစ်ပြီး အခုမှ ပြောင်းသွားတာလို့ ဆိုပါတယ်။
ဒါအပြင် တခြားခရီးသွားတွေလည်း ယာဥ်စီးခတိုးမြှင့်ကောက်ယူတာတွေနဲ့ ကြုံနေရကြောင်း သိရပါတယ်။
"ကားသမားက စျေးပြောင်းသွားပြီဆိုပြီးပြောတယ်။ ကျနော်သိရသလောက် ကြေညာအ သိပေးထားတာမရှိဘူး။ မကြားမိဘူး"လို့ ကုမ္ပဏီဝန်ထမ်းခရီးသွားတစ်ဦးက ပြောပါတယ်။
YBS ယာဉ်စီးခတွေကို ကျပ် ၄၀၀ ပြောင်းလဲသတ်မှတ်မယ်ဆိုပြီး ဖေဖော်ဝါရီလ ဆန်းပိုင်းကတည်းက သတင်းထွက်နေတာပါ။
စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)က ယာဉ်စီးခပြောင်းလဲဖို့ ယာဥ်လိုင်းတွေဘက်က တင်ပြထားတာမျိုးသာရှိပြီး ခွင့်မပြုထားသေးဘူးလို့ အသိပေးထားပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းယာဥ်စီးခတွေကို ယာဥ်လိုင်းအများစုက ပြောင်ပြောင်းတင်းတင်း တိုးမြှင့်ကောက်ယူတာတွေပို မိုများပြားလာနေပါတယ်။
ပြည်သူတွေ လက်ရှိသုံးစွဲနေတဲ့ အင်တာနက် မိုဘိုင်းဒေတာစျေးနှုန်းတွေနဲ့ ဖုန်းခေါ်ဆိုခတွေကို ဒီဇင်ဘာ ၇ ရက်က စတင်တိုးမြှင့်တင်ဖို့ စစ်ကောင်စီကနေ ညွှန်ကြားထားတယ်လို့ တယ်လီကွန်းကုမ္ပဏီတွေကနေ သုံးစွဲသူတွေဆီကို အသိပေးလာပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ မိုဘိုင်းဒေတာအင်တာနက်နဲ့ ဖုန်းခေါ်ဆိုမှု စျေးနှုန်းတွေကို ပြောင်းလဲသတ်မှတ်သွားမယ်လို့ တယ်လီနောက ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်သလို အော်ရီဒူးနဲ့ အမ်ပီတီကလည်း သုံးစွဲသူတွေဆီ စာတိုမတ်ဆေ့ ပေးပို့အကြောင်းကြားလာပါတယ်။
စျေးနှုန်းတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ တရားဝင်မပြောထားပေမဲ့ မိုဘိုင်း ဒေတာ စျေးနှုန်းတွေဟာ အနည်းဆုံး နှစ်ဆကျော် တိုးမြှင့်သွားဖွယ်ရှိတယ်လို့ တယ်လီကွန်း ကုမ္ပဏီတွေထံက သိရပါတယ်။
အခုလို အင်တာနက် မိုဘိုင်းဒေတာ ဈေးနှုန်းတိုးမြှင့်မယ့်အပေါ် မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ ဝေဖန်မှုတွေလည်း အခုရက်ပိုင်းအတွင်း မြင့်တက်နေပါတယ်။
ဖုန်းခေါ်ဆိုမှုနဲ့ ဒေတာစျေးနှုန်းအပြောင်းအလဲကို အမ်ပီတီ၊ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီတွေက အသိပေး အကြောင်းကြားထားပေးမယ့် စစ်တပ်ပိုင် မိုင်တယ်လ်ဘက်ကတော့ အကြောင်းကြားခြင်း မရှိသလို စုံစမ်းမေးမြန်းလို့လည်းမရဘူးလို့ သုံးစွဲသူတချို့ ပြောကြပါတယ်။
NB Mobile Data Price