close

တီးတိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဆယ်ကျော်သက် မောင်နှမနှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်

ဩဂုတ် ၁၄ ရက်နေ့က ဟိုင်မွာလ်ကျေးရွာ မီးရှို့ခံရစဉ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိုင်မွာလ်ကျေးရွာ(ရွာသစ်) မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆယ်ကျော်သက်အရွယ် မောင်နှမ ၂ ဦးအား  ဩဂုတ် ၁၆ ရက်နေ့ မနက် ၁၁ နာရီလောက် ဟိုင်မွာလ်ကျေးရွာ (ရွာသစ်) နဲ့ ရိခေါ်ဒါရ်မြို့အကြားမှာ သေဆုံးလျက် ပြန်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့အင်အား ၅၀ လောက်ဟာ ဟိုင်မွာလ်ကျေးရွာ (ရွာသစ်)ကို ဩဂုတ် ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကြောင်းထိုးဝင်ရောက်ကာ လူနေအိမ် ၈ လုံးထက်မနည်း မီးရှို့ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် Mai Lal Nun Puii နဲ့ ၁၅ နှစ်အရွယ် Salai Lal Ruat Mawia တို့ကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အဲဒီနေ့က စစ်ကောင်စီတပ်က ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလည်း လုပ်တယ်၊ လူနေအိမ်တွေကိုပါ မီးရှို့သွားတာ။‌ သူတို့ မောင်နှမနှစ်ယောက်ကိုလည်း နေအိမ်ကနေ ရိုက်နှက်ပြီး ဖမ်းခေါ်သွားကြတယ်။ ‌အဲ့ဒီနောက်မှာတော့ လမ်းမှာ သေနတ်နဲ့ပစ်သတ်သွားပြီး အလောင်းတွေပေါ် မြေဖို့ထားတာကို တွေ့ခဲ့ကြတာပါ။ အလောင်းဖျောက်တဲ့ ပုံစံမျိုးလုပ်သွားကြတာ။”

စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုခံခဲ့ရတဲ့ မောင်နှမနှစ်ဦးရဲ့ ရုပ်အလောင်းကို ကျေးရွာ ပြန်လည်သယ်ဆောင်ကာ ခရစ်ယာန်ဘာသာနဲ့အညီ ညနေပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

ဟိုင်မွာလ်ကျေးရွာ (ရွာသစ်) ဟာ အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းရှိရာ ရိခေါ်ဒါရ်မြို့နဲ့ ၅ မိုင်အကွာမှာတည်ရှိပြီး ဩဂုတ် ၁၀ ရက်နေ့က တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ မျက်နှာချင်းဆိုင်တောင်ကုန်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၀၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၁၂၇ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

//
Up