close

တုပ်ကွေး

close

October 27, 2022

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ၃ ဆ တိုးလာမည်ဟု သတိပေး

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် (RSV) ဟာ ကိုဗစ်ကူးစက်မှု တိုးလာတာနဲ့  ပုံမှန်တုပ်ကွေးရာသီထက် ဒီနှစ် စောတာတွေကြောင့် ဒီဆောင်းရာသီမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ‘၃ ဆ’ တိုးလာလိမ့်မယ်လို့ အမေရိကန်ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။

အထူးသဖြင့် ကလေးသူငယ်တွေအကြား RSV ရောဂါပိုးကူးစက်မှုကြောင့် အမေရိကန်ဆေးရုံတချို့မှာ စွမ်းဆောင်ရည်အပြည့် ကြိုးစားဖြည့်ဆည်းပေးနေရပါတယ်။

မွေးကင်းစကလေးတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်လာတဲ့ အရည်တွေကို ချောင်းဆိုးမထုတ်နိုင်တဲ့အပြင် လေပြွန်ကနေ စုပ်ထုတ်တာ ဒါမှမဟုတ် သွေးကြောကနေ အရည်တွေသွင်းဖို့ လိုအပ်နိုင်တာတွေကြောင့် RSV ကူးစက်ခံရရင် အန္တရာယ်အများဆုံး ဖြစ်ပါတယ်။

မွေးကင်းစကလေးတချို့မှာ အောက်ဆီဂျင်ပေးဖို့ လိုအပ်နိုင်ပါတယ်။ အသက်ကြီးတဲ့ ကလေးတွေနဲ့ လူကြီးအများစုဟာ အားပျော့တဲ့ အအေးမိလက္ခဏာတွေကို ခံစားရလေ့ ရှိပါတယ်။

ပျမ်းမျှအားဖြင့် RSV ဟာ နှစ်စဉ် အသက် ၅ နှစ်အောက် ကလေးဦးရေ ၅၈,၀၀၀ နဲ့ အသက် ၆၅ နှစ်နဲ့အထက် လူကြီးဦးရေ ၁၇၇,၀၀၀ တို့ ဆေးရုံတက်ရတဲ့ အကြောင်းရင်းလို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေက ပြောပါတယ်။

အမေရိကန် ကလေးတွေထဲမှာ RSV ကြောင့် သေဆုံးသူ ရှားပါးပေမဲ့ အရွယ်ရောက်ပြီးသူ ဒါမှမဟုတ် ခုခံအားကျဆင်းမှု ကူးစက်ခံထားရသူတွေဟာ နှစ်စဉ် ဒီဗိုင်းရပ်စ်ပိုးကြောင့် အယောက် ၁၄,၀၀၀ သေဆုံးတယ်လို့ CDC က ပြောပါတယ်။

RSV ပိုးကူးစက်တာကို ကာကွယ်ဖို့ ဖျားနာနေသူတွေနဲ့ ဝေးဝေးနေဖို့၊ အိမ်ထဲမှာရှိနေချိန်မှာ အကောင်းဆုံး လေဝင်လေထွက်ရှိစေဖို့၊ အရည်အသွေးမြင့် နှာခေါင်းစည်းဝတ်ဆင်ပြီး လက်ကို တတ်နိုင်သမျှ သန့်ရှင်းအောင်ထားဖို့၊ တက္ကဆက်ပြည်နယ်က ကလေးအထူးကုဆရာဝန် ဒေါက်တာ ပီတာ ဟိုးတက်စ်က ပြောပါတယ်။

1 min Ago

July 19, 2021

အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရသည့် သြစတြေးလျ စီးပွားရေးပညာရှင် တုပ်ကွေးဖြစ်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား စီးပွားရေးပညာရှင်  မစ္စတာ ရှောင်တာနယ်လ်ဟာ အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရစဉ်   တုပ်ကွေးမိနေပြီး ကိုဗစ်-၁၉ အန္တရာယ်ရှိနေတယ်လို့ သူ့ရဲ့ဇနီးဖြစ်သူက လူမှုကွန်ရက်မှာ ရေးပါတယ်။

ရှောင်တာနယ်လ်ဟာ အအေးမိ၊ တုပ်ကွေးဖြစ်နေတဲ့ ရောဂါလက္ခာတွေခံစားနေရပြီး ကိုရိုနာဗိုင်းရပ်စ်ဒယ်တာမျိုးကွဲတစ်မျိုးဟာ အင်းစိန်ထောင်မှာ ပျံ့နှံ့နေတဲ့အတွက် သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ အလွန်တရာ အန္တရာယ်ရှိနေတယ်လို့ လည်း ဆိုပါတယ်။ 

ရှောင်တာနယ်လ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ပထမဆုံး အဖမ်းခံရတဲ့ နိုင်ငံခြားသားဖြစ်ပြီး သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုနဲ့  စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတာ ဖြစ်ပါတယ်။

မစ္စတာရှောင်တာနယ်လ် ဖခင်ဖြစ်သူဟာလည်း လတ်တလော ကင်ဆာရောဂါဖြစ်နေတဲ့အတွက် စာနာရိုင်းပင်းကူညီတဲ့အနေနဲ့ သူ့ကို သနားသဖြင့်လွှတ်ပေးပြီး ဩစတြေးလျနိုင်ငံကို ပြန်ခွင့်ပြုဖို့လည်း ဇနီးဖြစ်သူက တောင်းဆိုပါတယ်။ 

ပါမောက္ခရှောင်တာနယ်လ်ကို ဖေဖော်ဝါရီ ၆ ရက်ကတည်းက စစ်ကောင်စီက ဖမ်းဆီးထားပြီးကတည်းက လူမြင်ကွင်းမှာ ပေါ်မလာသေးဘဲ ဇွန် ၂၃ ရက်နေ့ တရားရုံးကြားနာမှုမှာ တက်ရောက်လာတာလည်း မတွေ့ရပါဘူး။

သူ့ကို စွပ်စွဲထားတဲ့ပြစ်မှုတွေနဲ့ တခြားသူတွေရဲ့ ပြစ်မှုတွေကို တိကျတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း စစ်ကောင်စီက လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းကာလ ရောဂါကူးစက်မှုရော၊ ကူးစက်ခံရသူတွေ သေဆုံးမှုနှုန်းပါ စံချိန်တင်မြင့်တက်နေတာဖြစ်ပြီး  အကျဉ်းထောင်တွေထဲမှာလည်း  ရောဂါကူးစက်ခံရသူတွေ များပြားနေတာပါ။  

လက်ရှိ အကျဉ်းထောင်တွေထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၃၁၅ ဦးရှိပြီး  ဆေးရုံ ဆင်းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦး၊ ရောဂါအခံရှိတဲ့ သေဆုံးသူ ၅ ဦးရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ဗဟိုကော်မတီဝင် ဦးဟံသာတို့လည်း ထောင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရလို့ ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။  ဒါ့အပြင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးဖြိုးမင်းသိန်းဟာလည်း စစ်ကြောရေးမှာ ကိုဗစ်-၁၉ ကူးစက်ခံရလို့ စစ်ဆေးရုံမှာ ဆက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။ 

1 year Ago
Up