close

အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရသည့် သြစတြေးလျ စီးပွားရေးပညာရှင် တုပ်ကွေးဖြစ်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား စီးပွားရေးပညာရှင်  မစ္စတာ ရှောင်တာနယ်လ်ဟာ အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရစဉ်   တုပ်ကွေးမိနေပြီး ကိုဗစ်-၁၉ အန္တရာယ်ရှိနေတယ်လို့ သူ့ရဲ့ဇနီးဖြစ်သူက လူမှုကွန်ရက်မှာ ရေးပါတယ်။

ရှောင်တာနယ်လ်ဟာ အအေးမိ၊ တုပ်ကွေးဖြစ်နေတဲ့ ရောဂါလက္ခာတွေခံစားနေရပြီး ကိုရိုနာဗိုင်းရပ်စ်ဒယ်တာမျိုးကွဲတစ်မျိုးဟာ အင်းစိန်ထောင်မှာ ပျံ့နှံ့နေတဲ့အတွက် သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ အလွန်တရာ အန္တရာယ်ရှိနေတယ်လို့ လည်း ဆိုပါတယ်။ 

ရှောင်တာနယ်လ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ပထမဆုံး အဖမ်းခံရတဲ့ နိုင်ငံခြားသားဖြစ်ပြီး သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုနဲ့  စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတာ ဖြစ်ပါတယ်။

မစ္စတာရှောင်တာနယ်လ် ဖခင်ဖြစ်သူဟာလည်း လတ်တလော ကင်ဆာရောဂါဖြစ်နေတဲ့အတွက် စာနာရိုင်းပင်းကူညီတဲ့အနေနဲ့ သူ့ကို သနားသဖြင့်လွှတ်ပေးပြီး ဩစတြေးလျနိုင်ငံကို ပြန်ခွင့်ပြုဖို့လည်း ဇနီးဖြစ်သူက တောင်းဆိုပါတယ်။ 

ပါမောက္ခရှောင်တာနယ်လ်ကို ဖေဖော်ဝါရီ ၆ ရက်ကတည်းက စစ်ကောင်စီက ဖမ်းဆီးထားပြီးကတည်းက လူမြင်ကွင်းမှာ ပေါ်မလာသေးဘဲ ဇွန် ၂၃ ရက်နေ့ တရားရုံးကြားနာမှုမှာ တက်ရောက်လာတာလည်း မတွေ့ရပါဘူး။

သူ့ကို စွပ်စွဲထားတဲ့ပြစ်မှုတွေနဲ့ တခြားသူတွေရဲ့ ပြစ်မှုတွေကို တိကျတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း စစ်ကောင်စီက လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းကာလ ရောဂါကူးစက်မှုရော၊ ကူးစက်ခံရသူတွေ သေဆုံးမှုနှုန်းပါ စံချိန်တင်မြင့်တက်နေတာဖြစ်ပြီး  အကျဉ်းထောင်တွေထဲမှာလည်း  ရောဂါကူးစက်ခံရသူတွေ များပြားနေတာပါ။  

လက်ရှိ အကျဉ်းထောင်တွေထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၃၁၅ ဦးရှိပြီး  ဆေးရုံ ဆင်းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦး၊ ရောဂါအခံရှိတဲ့ သေဆုံးသူ ၅ ဦးရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ဗဟိုကော်မတီဝင် ဦးဟံသာတို့လည်း ထောင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရလို့ ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။  ဒါ့အပြင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးဖြိုးမင်းသိန်းဟာလည်း စစ်ကြောရေးမှာ ကိုဗစ်-၁၉ ကူးစက်ခံရလို့ စစ်ဆေးရုံမှာ ဆက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up