တူရကီရဲတပ်ဖွဲ့ဟာ တူရကီဆေးဘက်ဆိုင်ရာအဖွဲ့ (TTB) အကြီးအကဲ ဆက်ဘ်နမ်ကိုရာ ဖှင်ကန်စီကို အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့်မှုတွေကို ဖြန့်ဖြူးပေးနေတယ်လို့ စွပ်စွဲပြီး အောက်တိုဘာ ၂၆ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း TTB နဲ့ နိုင်ငံပိုင်မီဒီယာက ပြောကြားပါတယ်။
ဖှင်ကန်စီဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကာဒစ်စတန် အလုပ်သမားပါတီ (PKK) စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွှယ်တဲ့ မီဒီယာကို တူရကီလက်နက်ကိုင်တပ်ဖွဲ့တွေက ဓာတုလက်နက်တွေ အသုံးပြုမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေအပေါ် စုံစမ်းစစ်ဆေးရေး စလုပ်နေပြီလို့ နိုင်ငံပိုင် Anadolu သတင်းဌာနက ပြောပါတယ်။
ဖှင်ကန်စီဟာ အဆိပ်ဓာတ်ငွေ့တွေ သုံးစွဲမှုကို ညွှန်ပြနေပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပြီးနောက်မှာ အစိုးရရှေ့နေတွေက သူ့ကို အောက်တိုဘာ ၂၀ ရက်က အမှုဖွင့်ခဲ့တာလို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
TTB ပြောရေးဆိုခွင့်ရှိသူက ဖှင်ကန်စီကို အစ္စတန်ဘူလ်ရှိ သူ့နေအိမ်မှာ ထိန်းသိမ်းထားပြီး မြို့ရဲ့ ရဲဌာနချုပ်ကို ခေါ်ဆောင်သွားကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ကို မြို့တော် အန်ကာရာရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲဌာနချုပ်ကို လွှဲပြောင်းသွားဖို့ရှိပါတယ်။
TTB ကတော့ သူတို့ခေါင်းဆောင်ကို ဖမ်းဆီးလိုက်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်မှုလို့ ပြောဆိုလိုက်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့ သူ့ခေါင်းဆောင်တွေအပေါ် နောက်ဆုံးအဆင့် ဖိအားပေးမှုလို့လည်း ပြောပါတယ်။ သူ့အခြေအနေကို ကြေညာချက်ထုတ်ပြီးတာနဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အန်ကာရာ အစိုးရရှေ့နေရုံးက ဖှင်ကန်စီကို အသင်းအဖွဲ့ရဲ့ အကြီးအကဲအဖြစ်ကနေ ရပ်စဲဖို့နဲ့ နောက်ထပ် အဖွဲ့ခေါင်းဆောင်သစ်ကို ရွေးချယ်ဖို့ အရပ်ဘက်တရားရုံးကို တောင်းဆိုခဲ့ကြောင်း Anadolu သတင်းဌာနက ကြေညာပါတယ်။
သမ္မတ တေယစ်အာဒိုဂန်က လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဓာတုလက်နက် မသုံးစွဲဘူးကြောင်းနဲ့ ဒီစွပ်စွဲချက်တွေကို ကျူးလွန်သူ ဘယ်သူမဆို တရားဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ နိုဝင်ဘာ ၂၅ ရက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင် ဆန္ဒပြပွဲအတွက် စုရုံးနေတဲ့ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ငရုတ်ကောင်းဓာတ်ငွေ့နဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။
အမျိုးသမီးတွေ အများစုပါဝင်တဲ့ ထောင်ပေါင်းများစွာသော အုပ်စုဟာ ထူထပ်တဲ့ရဲအင်အားနဲ့ အတားအဆီးတွေ ပိတ်ဆို့ထားတဲ့ကြားကပဲ မြို့လယ်ရှိ တပ်ဆင်မ်ရင်ပြင်ကို ချီတက်ခဲ့ကြပါတယ်။
တူရကီမှာ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေကို အရေးတကြီး အရေးယူဖို့ ဆန္ဒပြသူတွေက ကြွေးကြော်ပြီး ဆိုင်းဘုတ်တွေ ကိုင်မြှောက်ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဟာ လူစုခွဲဖို့ တိုက်တွန်းပြီးနောက်မှာ ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အဲ့ဒီဆန္ဒပြမှုဟာ ဒီသီတင်းပတ်အတွင်း လီရာငွေကြေးတန်ဖိုး ထိုးဆင်းနေတာနဲ့ ပတ်သက်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအငယ်စားတွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဇူလိုင်လအစပိုင်းက တူရကီဟာ အစ္စတန်ဘူလ် ကွန်ဗင်းရှင်းလို့ လူသိများတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူစာချုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် အာဒိုဂန်ဟာ မတ်လတုန်းက နုတ်ထွက်မှုကိုကြေညာခဲ့ပြီး တူရကီအစိုးရဟာ ဒေသတွင်း ဥပဒေတွေကိုအသုံးပြုကာ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို ကာကွယ်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။