အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆန့်ကျင်ဆန္ဒပြပွဲကို တူရကီရဲတပ်ဖွဲ့က လူစုခွဲ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ နိုဝင်ဘာ ၂၅ ရက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင် ဆန္ဒပြပွဲအတွက် စုရုံးနေတဲ့ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ငရုတ်ကောင်းဓာတ်ငွေ့နဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။
အမျိုးသမီးတွေ အများစုပါဝင်တဲ့ ထောင်ပေါင်းများစွာသော အုပ်စုဟာ ထူထပ်တဲ့ရဲအင်အားနဲ့ အတားအဆီးတွေ ပိတ်ဆို့ထားတဲ့ကြားကပဲ မြို့လယ်ရှိ တပ်ဆင်မ်ရင်ပြင်ကို ချီတက်ခဲ့ကြပါတယ်။
တူရကီမှာ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေကို အရေးတကြီး အရေးယူဖို့ ဆန္ဒပြသူတွေက ကြွေးကြော်ပြီး ဆိုင်းဘုတ်တွေ ကိုင်မြှောက်ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဟာ လူစုခွဲဖို့ တိုက်တွန်းပြီးနောက်မှာ ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အဲ့ဒီဆန္ဒပြမှုဟာ ဒီသီတင်းပတ်အတွင်း လီရာငွေကြေးတန်ဖိုး ထိုးဆင်းနေတာနဲ့ ပတ်သက်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအငယ်စားတွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဇူလိုင်လအစပိုင်းက တူရကီဟာ အစ္စတန်ဘူလ် ကွန်ဗင်းရှင်းလို့ လူသိများတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူစာချုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် အာဒိုဂန်ဟာ မတ်လတုန်းက နုတ်ထွက်မှုကိုကြေညာခဲ့ပြီး တူရကီအစိုးရဟာ ဒေသတွင်း ဥပဒေတွေကိုအသုံးပြုကာ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို ကာကွယ်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။